ဝဿကာရအမတ်ကြီးနှင့် သီရိလင်္ကာနိုင်ငံမှ မြန်မာစာသင်သား ရဟန်းတော်များ

ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းက အိမ်နီးချင်း နိုင်ငံငယ်ကလေးဖြစ်သည့် ဝေသာလီကို သိမ်းပိုက်လိုသည်။ သေးငယ်သော်လည်း ညီညွတ်သည့်အတွက် တိုက်ခိုက်သိမ်းပိုက်ရန် မလွယ်ကူ။ အမတ်ကြီး ဝဿကာရ၏ အစီအစဉ်အရ အကွက်ကျကျ သပ်လျှိုထိုးခွဲနည်းကို အသုံးပြုကာ ဖြိုခွဲခဲ့သည်။ ထိုနည်းတူ စစ်အစိုးရသည်လည်း အမတ်ကြီးဝဿကာရ၏ သပ်လျှိုထိုးခွဲနည်းကို အသုံးချပြီး တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်လုပ်ကာ ညီညွတ်ရေးကို ဖြိုခွဲသည်။ ထိုဒဏ်ကို မွန်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကိုးကန့်စသည့် တိုင်းရင်းသားတို့မှာ အလူးအလဲ ခံနေကြရသည်။ 
 
ယခုလည်း သီရိလင်္ကာမှာ စာပေသင်ကြားနေကြသည့် မြန်မာစာသင်သား ရဟန်းတော်များအကြား ညီညွတ်ရေး ပြိုကွဲအောင် အကွက်ကျကျ လုပ်ဆောင်သွားခဲ့သည်။ (၂၂၊ ၁၁၊ ၂၀၀၉) ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ မကုဋာရာမ မြန်မာကျောင်းတွင် မြန်မာသံရုံးမှ ဆွမ်းကပ်ပွဲ ကျင်းပခဲ့သည်။ နှစ်နှစ်ကျော် ကာလအတွင်း မြန်မာသံရုံးက ပထမဆုံး ကပ်သည့် ဆွမ်းဖြစ်သည်။ 
 
အမှန်ပြောရလျှင် ထိုဆွမ်းကပ်ပွဲက (၂၀၀၈)ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲကဲ့သို့ ခြိမ်းခြောက်မှု၊ မြူဆွယ်မှုတို့ဖြင့် စစ်အစိုးရ လှည့်ကွက်ထဲ ဝင်သွားသည်ဟု ဆိုချင်သည်။ နိုဝင်ဘာ (၁၂)ရက်နေ့မှ (၁၅) ရက်နေ့အထိ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ လာသွားသည်။ သူ့ခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံရှိ မြန်မာစာသင်သား ရဟန်းတော်တို့ကို လှူဒါန်းရန် သင်္ကန်းနှင့် ဒေါ်လာတွေ ပါလာသည်။ သူမလာခင် တစ်လကျော်လောက်က ပြည်သူတို့ဆီမှ အလှူခံထားခြင်း ဖြစ်သည်။ သို့သော် မြန်မာကျောင်း သုံးကျောင်းလုံးသို့ သူကိုယ်တိုင် မလာရဲခဲ့။ သင်္ကန်းနှင့် ဒေါ်လာတို့ကို သံရုံးမှာ ချန်ထားခဲ့ပြီး သံဃာများအကြား ဝဿကာရအမတ်ကြီးနည်းကို ကျင့်သုံးရန် ညွှန်ကြားသွားခဲ့ဖွယ် ရှိသည်။ ဗိုလ်သန်းရွှေ ပြန်သွားပြီး တစ်ပတ်အတွင်း မကုဋာရာမ မြန်မာကျောင်းမှာ ဆွမ်းကပ်ရန် စီစဉ်တော့သည်။ 
 
ဆွမ်းကပ်မလာလျှင် စာရင်းမှတ်မည်၊ ပတ်စပို့်၊ ဗီဇာကိစ္စ အခက်အခဲဖြစ်မည်၊ မြန်မာနိုင်ငံအပြန်မှာ ဖမ်းဆီးခံရမည်စသည်ဖြင့် ခြိမ်းခြောက်သည့် သတင်းတွေ လွှင့်သည်။ (၂၂) ရက်နေ့ ဆွမ်းကပ်တော့ တစ်ပါးလျှင် ဒေါ်လာနှစ်ရာ (US Dollar: 200)နှင့် ညီမျှသော ရူပီ (၂၁၀၀၀)၊ သင်္ကန်းစသော လှူဖွယ်ဝတ္ထုတွေ လှူဒါန်းသွားသည်။ ပြည်သူလူထုက လှူဒါန်းခဲ့ခြင်း ဖြစ်သော်လည်း လှူဒါန်းသမျှ လှူဖွယ်ပစ္စည်းတို့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့မှ လှူဒါန်းကြောင်း စာတမ်း ရေးထိုးထားသည်။ သူကြီးဘုရား၊ ရွာသားကောင်းမှု-ဟူသော မြန်မာစကားပုံကို ယခုမှ ကိုယ်တိုင် တွေ့ကြုံရခြင်း ဖြစ်သည်။ ငါးကြင်းဆီဖြင့် ငါးကြင်း ပြန်ကြော်ခဲ့ခြင်းလည်း ဖြစ်သည်။ 
 
စာရင်းများအရ ဆွမ်းစားကြွရောက်သည့် သံဃာအပါး (၁၅၀) ရှိသည်ဟု သိရသည်။ ဝါဆိုသံဃာစာရင်းအရ ယခုနှစ် (၂၀၀၉) သီရိလင်္ကာ၌ စာပေသင်ကြားနေသည့် သံဃာအပါး (၂၄၇) ပါးရှိပါသည်။ (ဤစာရင်းတွင် သီလရှင်ဆရာလေးများ၊ ကိုရင်များမပါပါ။) ခရီးထွက်နေသည့် သံဃာ ဆယ်ပါးခန့်ကို ဖယ်လိုက်လျှင် ယခုလက်ရှိ သံဃာစာရင်း (၂၃၅)ပါးခန့် ရှိပါလိမ့်မည်။ သံဃာအပါး (၁၅၀) ဟူသော အရေအတွက်မှာ သီရိလင်္ကာနိုင်ငံ၌ စာပေသင်ကြားနေသည့် မြန်မာသံဃာအများစု ဖြစ်နေသည်မှာ ထင်ရှားသည်။ 
 
မည်သို့ပင် ဖြစ်စေ မိမိတို့အနေနှင့် သံဃာအများစု၏ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို လေးစားပါသည်။ သို့သော် ကျန်သည့် သံဃာ (၈၅)ပါးတို့သည်လည်း မိမိတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက်ကို ထုတ်ဖေါ်ပြောဆိုခွင့် ရှိသည်ဟု ယုံကြည်သည်။ 
 
မိမိတို့အနေနှင့် မြန်မာပြည်တွင်းမှ အဖိနှိပ်ခံ ရဟန်းတော်များ၊ ပြည်သူပြည်သားများကို စာနာထောက်ထားသောအားဖြင့် စစ်အစိုးရနာမည်ဖြင့် လှူဒါန်းသည့် ဆွမ်းကို မစား၊ ဒေါ်လာနှစ်ရာကို မယူခဲ့ကြခြင်း ဖြစ်သည်။ အလှူခံခဲ့ကြသည့် သံဃာအားလုံးနီးပါး စစ်အစိုးရကပ်သည့်အလှူကို မဆန့်ကျင်ခဲ့ကြသော်လည်း စစ်အစိုးရကို ထောက်ခံသူများ မဟုတ်ကြသည်မှာ ယုံမှားစရာ မရှိပေ။ သို့သော် ၎င်းတို့အလှူခံခြင်းသည် သူ့အကြောင်းနှင့်သူ ဖြစ်မည်-ဟု ယုံကြည်ပါသည်။ 
 
အားလုံးမှာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိသည်မဟုတ်လော။ မည်သို့ဆိုစေ အလှူခံသူ၊ မခံသူတို့အကြား ဝိဝါဒ ကွဲပြားနေလျှင် စစ်အစိုးရဆင်သည့် ခွင်ထဲ အမှန်ပင် ရောက်သွားပါလိမ့်မည်။ ယခုအချိန်မှာ အရာအားလုံးထက် သံဃာညီညွှတ်ရေးက ပိုပြီး အရေးကြီးပါသည်။ သံဃာတစ်ဦးချင်းဆီ၏ ယုံကြည်ချက်၊ ရပ်တည်ချက်ကို တန်းဖိုးထား လေးစားရင်း စစ်အစိုးရ၏ သပ်လျှိုထိုးခွဲနည်း ကျင့်သုံးပုံကို အထူးသတိထား ဆင်ခြင်ကာ မိမိတို့အတွင်း သံဃာညီညွတ်ရေးကို ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

0 comments:

Post a Comment

မိမိတို့၏ ထင်မြင်ချက်၊ အယူအဆတို့ကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။