အငိုဒုက္ခတိုင်းပြည်

ကဗျာမရေးတတ်ပေမယ့် ငယ်စဉ်က ကဗျာတွေကို စွဲစွဲလမ်းလမ်း ခံစားခဲ့ဖူးပါတယ်။ ပုဂံခေတ်က အမည်မသိ စာဆိုတစ်ယောက် ရေးခဲ့တဲ့ ‘မြကန်ဖွဲ့ကဗျာ’၊ အရှင်မဟာရဋ္ဌသာရရဲ့ ‘ဝဏ္ဏပဘာ’ ကဗျာ ကစလို့ ဆရာမောင်ခိုင်မာရဲ့ ‘ရှင်မရေ’ ကဗျာတွေအဆုံး ကဗျာမျိုးစုံ ဖတ်ခဲ့ဖူးတယ်။ 

အသက် နှစ်ဆယ့်သုံးနှစ် လောက်ကစပြီး ရသစာပေ၊ အထူးသဖြင့် ကဗျာကို ကျောခိုင်းခဲ့ပြီး သုတစာပေကိုပဲ အလေးပေး ဖတ်ရှုဖြစ်ခဲ့ပါတယ်။ ဒီနှစ်လယ်ပိုင်းလောက်က မေးလ်ကတဆင့် ရခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုတော့ အရမ်း သဘောကျ သွားမိတယ်။ ကဗျာဆရာ ကောင်းကင်ကို ရေးတဲ့ ‘အငိုဒုက္ခ တိုင်းပြည်’ ဆိုတဲ့ ကဗျာပါ။ ကိုယ့်ကိုယ်ကို ကဗျာရဲ့ ရသကို မခံစား တတ်တော့သူ တစ်ယောက်လို့ ထင်ခဲ့ပေမယ့် အဲ့ဒီကဗျာက ရင်ကို အရှိန်ပြင်းပြင်းနဲ့ လာထိပါတယ်။ ကဗျာဆရာနဲ့ ခံစားချက် တူနေတာရယ်... ကဗျာဆရာရဲ့ ကဗျာဖွဲ့ဆိုမှု အတတ်ပညာကြောင့်ရယ် ဖြစ်ပါလိမ့်မယ်။ 

ကဗျာက စစ်အုပ်စုရဲ့ လက်အောက်မှာ ခေတ်ပျက်နဲ့ တွေ့ကြုံနေရတဲ့ ကဗျာဆရာ တစ်ယောက်ရဲ့ ခံစားမှုကို အပီအပြင် သရုပ်ဖော်ထားပါတယ်။ ကဗျာဆရာရဲ့ ရင်ဘက်ထဲက လာတဲ့ ခံစားချက်စစ်စစ် ဖြစ်လို့ထင်ရဲ့၊ သုံးထားတဲ့ စကားလုံးတွေက အားပါသလို ကာရန်တွေကလည်း အရမ်းလှပပါတယ်။ ဒီကဗျာကို ဖတ်ရင်း ခေတ်တစ်ခေတ်ရဲ့ ဘဝသရုပ်ကို ကာရန်တွေနဲ့ ဖော်ဆောင်ခဲ့ကြတဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကဗျာကြီးတွေ၊ မောင်ခိုင်မာရဲ့ ရှင်မရေ…ကဗျာတွေကို လွမ်းမိတယ်။ ဒါနဲ့ပဲ စာဖတ်သူတွေကို မျှဝေပြီး ခံစားစေချင်တဲ့ ဆန္ဒတွေ ပေါ်လာခဲ့ပါတယ်။ ဒီကဗျာဖတ်ပြီး ကဗျာခံစားသူ့စိတ်ထဲ တစ်ခုခု ကျန်ခဲ့မယ်လို့ မျှော်လင့်ပါတယ်… 


အငိုဒုက္ခ တိုင်းပြည် 


လိုသလို ပုဒ်မ ချလို့ရတဲ့ 
အငို ဒုက္ခ တိုင်းပြည်မှာ 
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။ 
လိပ်ပြာတွေကို နှင်ထုတ်နေသည်။ 
သွေးညှီနံ့တွေနဲ့ ချဉ်စုတ် နေပြီ။ 
လူတွေအားလုံး ရင်ရှုပ် နေသည်။ 

တက္ကသိုလ်များ လယ်ကွင်းထဲသို့ပြောင်းသွားလေပြီ။ 
ဘွဲ့ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။ 
သူတောင်းစားတို့ကျ ကောင်းစားနေသည်။ 
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။ 
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။ 

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။ 
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။ 
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။ 
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။ 
ဖြုတ်ဦးနှောက်တွေနဲ့..အရမ်း..လုပ်နေပြီ။ 

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့..ဘာမှမရှိဘူး..အဟောင်းသား။ 
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။ 
ဒီလိုနဲ့ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။ 
ဘဝနဲ့ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။ 
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။ 
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။ 

သူငယ်ချင်းတစ်ချို့ အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။ 
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။ 
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့သက်သေတစ်စပဲ။ 
ကမ္ဘာက သာမန်လူတွေနဲ့ငါတို့ကာရန်တူရုံလေးတောင်.. ဘာလို့ဒီလောက်အထိ ခက်နေရသလဲ။ 
မြေညီထပ်လေး ရောက်ဖို့တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။ 

ဆန္ဒခံယူပွဲ အတုကြီးနဲ့လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။ 
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ဖားလိုက်။ 
သူငယ်ချင်းတို့......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့...ထားလိုက်။ 

အသိဉာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ 
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။ 
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။ 
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။ 

သူငယ်ချင်း... 
မင်း..အေးအေးဆေးဆေးနေလို့လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့။ 
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့။ 
ဝန်နဲ့အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။ 
ကပ်တစ်ခုစိုက်လိုက်တာနဲ့မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။ 

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ 
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ 
ပြည်သူတွေကလည်း သူတို့ထင်သလို အချဉ်မဟုတ်ပါ။ 

ဒီလိုနဲ့မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ် 
သူတို့တွေရဲ့ ပလ္လင်ခဏခဏလှုပ်လည်း 
အခုထိမပြုတ်သေးတော့ 
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ် 
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။ 

ဒုက္ခတွေနဲ့ ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ 
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။ 
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။ 
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။ 

ကောင်းကင်ကို 

ကဗျာဆရာ ကောင်ကင်ကိုရဲ့ ကဗျာတွေကို ခံစားချင်ရင်တော့ သူရဲ့ ဘလော့ဂ်ကို သွားရောက် လည်ပတ်နိုင်ပါတယ်။ (http://kaungkinko.myanmarbloggers.org) 
အရှင်သစ္စာနန္ဒ

0 comments:

Post a Comment

မိမိတို့၏ ထင်မြင်ချက်၊ အယူအဆတို့ကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။