ခရစ်တော်နှင့် အိန္ဒိယ ဒဏ္ဍာရီ


ကမ္ဘာကြီးက ခရစ္စမတ်ပွဲတော်ကို ကျင်းပနေချိန်မှာ ယေရှုခရစ်တော်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ပက်သက်မှုုကို လူတွေ သတိထားမိလာကြ ပြန်ပါတယ်။ အချို့ သမိုင်းပညာရှင်များက ယေရှုခရစ်တော်ဟာ သူ့ရဲ့ အသက် (၁၂) နှစ်ကနေ (၃၀) နှစ်အထိ နှစ်ပေါင်း (၁၈)နှစ်လုံးလုံး အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓစာပေနဲ့ ဝေဒစာပေတို့ကို လေ့လာ သင်ယူခဲ့ကြောင်း ယုံကြည်ကြပါတယ်။ “ခရစ်တော်ရဲ့ မိဘတွေဟာ နာဇရက်သ် (Nazareth) မြို့မှာ နေထိုင်တယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် သူ နာဇရက်သ်မြို့မှာ ပြန်ပေါ်လာတော့ အသက် (၃၀) ရှိနေပါပြီ။ ပျောက်ဆုံးနေတဲ့ အချိန်အတောအတွင်း သူဟာ အသိဉာဏ်ပိုင်းနဲ့ ဂုဏ်သတင်း တက်နေပြီလို့ ယူဆရပါတယ်” အင်္ဂလိပ်လူမျိုး ရုပ်ရှင်ထုတ်လုပ်သူ ကန့် ဝဲလ်ဝင်း က Indo Asian News Service ကို ပြောပြပါတယ်။

၂၀၀၉ ခုနှစ်ရဲ့ ဒယဝတီ မိုဒီ အနုပညာဆုရှင် ဝဲလ်ဝင်းရဲ့ နောက်ဆုံး လက်ရာဖြစ်တဲ့ ‘Young Jesus: The Missing Years’ ဆိုတဲ့ ဒီ ရုပ်ရှင်ကားဟာ သမ္မာကျမ်းစာ (ခရစ်ဝင်ကျမ်း) မှာ ဖော်ပြမထားတဲ့ ခရစ်တော်ရဲ့ အစောပိုင်း နှစ်ကာလများကို စူးစမ်း ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဝဲလ်ဝင်းရဲ့အဆိုအရ သူရိုက်ကူးမယ့် ဒီရုပ်ရှင် ဇာတ်ကားဟာ အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်တုန်းက ယေရှုခရစ်တော်ကို အာရှအနောက်ပိုင်းမှာ နောက်ဆုံး မြင်ခဲ့တယ်ဆိုတဲ့ သမ္မာကျမ်းစာရဲ့အဆိုကို အခြေခံပြီး ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ပထမပိုင်းကို သမ္မာကျမ်းစာကို အခြေခံပြီး ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းရဲ့ ဒုတိယပိုင်းကတော့ သမိုင်းဝင် စာပေ အထောက်အထားအပေါ် အခြေပြုတဲ့ စိတ်ကူးစိတ်သန်း သက်သက်နဲ့ ရိုက်ကူးမှာဖြစ်ကြောင်း ရုပ်ရှင်ထုတ်လုပ်သူက ပြောပြပါတယ်။

ယေရှုခရစ်တော်နဲ့ အိန္ဒိယ အဆက်အသွယ် ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား အများအပြား ရှိပါတယ်။ ရုရှားလူမျိုး ဂျာနယ်လစ် နီကိုလက်စ် နိုတိုဗစ်ချ် (Nicolas Notovitch) ဟာ ၁၈၉၄- ခုနှစ်မှာ အာဖကန်နစ္စတန်၊ အိန္ဒိယနဲ့ တိဘက်နိုင်ငံတို့ကို သွားခဲ့တဲ့ သူရဲ့ခရီးစဉ်အပေါ် အခြေခံပြီး ရေးသားခဲ့တဲ့ “The Unknown Life of Christ” ဆိုတဲ့ စာအုပ် တစ်အုပ် ထုတ်ဝေခဲ့ပါတယ်။ သူ့ခရီးစဉ်အတွင်းမှာ လာဒက်ခ် (Ladakh)ရဲ့ မြို့တော်ကို ရောက်ခဲ့ပါတယ်။ ခြေထောက် ကျိုးသွားလို့ ဟေမိစ် (Hemis) တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးမှာ အချိန်အတော်အကြာ နေခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ တိဘက်လို ရေးထားတဲ့ The Life of Saint Issa” ဆိုတဲ့ ထူထူထဲထဲ အဝါရောင် မှတ်တမ်းစာအုပ်ကြီး နှစ်တွဲကို သူ တွေ့ခဲ့တယ်။ မူစလင်တို့ရဲ့ ကိုရမ်ကျမ်းမှာ ခရစ်တော်ကို Isa လို့ ခေါ်ဝေါ်ပါတယ်။ နိုတိုဗစ်ချ်ဟာ မှတ်တမ်း စာအုပ်ကြီးတွေထဲက အပိုဒ်ပေါင်း နှစ်ရာကျော်ကို ကူးမှတ်ခဲ့ပါတယ်။ သူ့မှတ်တမ်းဟာ နောက်ပိုင်း အနောက်နိုင်ငံတွေမှာ အတော် ဂယက်ရိုက် ခဲ့ပါတယ်။

လာဒက်ခ်မြို့တော်နဲ့ ကီလိုမီတာ လေးဆယ်အကွာ တောင်ပေါ်မှာ တည်ရှိတဲ့ ဟေမိစ် တိဘက် ဘုန်းကြီးကျောင်းက ရဟန်းတော်တွေကလဲ ယေရှုခရစ်တော် အိန္ဒိယကို လာရောက် ပညာ သင်ကြားခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီကို အတည်ပြု ထောက်ခံကြပါတယ်။ “ဗုဒ္ဓစာပေ လေ့လာဖို့အတွက် ယေရှုခရစ်တော်ဟာ ဘုန်းကြီးတို့ ဒေသ (Ladakh) နဲ့ ကက်ရှ်မီးယားကို ရောက်ခဲ့ပါတယ်” ဟေမိစ် ဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က IANS ကို ပြောပြတာပါ။

ဘင်္ဂါလီ ဘာသာရေး ပညာရှင်နဲ့ ရှေးဖြစ်ဟောသူ ဆွာမိ အဘေဒနန္ဒ ဟာလည်း ခရစ်တော်နဲ့ အိန္ဒိယခရီးစဉ် ဒဏ္ဍာရီကို စူးစမ်းဖို့ ဟိမဝန္တာ တောင်းတန်းတွေဆီ ခရီးထွက်ခဲ့ပါတယ်။ သူရဲ့ “Kashmir O Tibetti” ဆိုတဲ့ ခရီးသွားမှတ်တမ်း စာအုပ်ကလဲ လာဒတ်ခ်က ဟေမိစ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ခရစ်တော် လည်ပတ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပြထားပါတယ်။ (တိဘက် ကျောင်းတွေကို လာလည်တဲ့ ဧည်သည်တွေအနေနဲ့ မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးကြရတဲ့ ဓလေ့ ရှိပါတယ်။) သူ့ရဲ့စာအုပ်မှာ နိုတိုဗစ်ချ် ကူးခဲ့တဲ့ သူတော်စင် အိစ္စာ (Issa) ရဲ့ ဒဏ္ဍာရီအကြောင်း (၂၂၄) ပိုဒ်ပါတဲ့ ဘင်္ဂါလီဘာသာပြန်ကိုလဲ ထည့်သွင်း ထားပါတယ်။

၁၉၂၅- ခုနှစ်မှာ ရုရှားလူမျိုး နောက်တစ်ယောက်ဖြစ်တဲ့ ဒဿနနဲ့ သိပ္ပံပညာရှင် နီကိုလက်စ် ရိုအိရစ်ချ် (Nicholas Roerich) ဟာလဲ ဟေမိစ် ဘုန်းတော်ကြီးကျောင်းကို သွားရောက် လည်ပတ်ခဲ့ပြီး ခရစ်တော်ရဲ့ ဒဏ္ဍာရီကို မှတ်တမ်း တင်ခဲ့ပါတယ်။ သူ့ရဲ့ မှတ်တမ်းထဲမှာ ရိုအိရစ်ချ်က အခုလို ဆိုခဲ့တယ် “ယေရှုဟာ ဗာရာဏသီ၊ ဝေသာလီစတဲ့ အိန္ဒိယ ရှေးဟောင်း မြို့တော်တွေမှာ အချိန်အတော်ကြာ နေထိုင်ခဲ့တယ်။ သူဟာ ကုန်သည်တွေ၊ ဆင်းရဲသားတွေကို လမ်းညွှန် ကူညီပေးပြီး အေးအေးဆေးဆေး နေထိုင်ခဲ့လို့ လူတိုင်းက သူ့ကို ချစ်ကြတယ်”

သမိုင်းပညာရှင်တွေနဲ့ စာရေးဆရာတွေရဲ့ အဆိုအရ အိန္ဒိယရှေးဟောင်း မြို့တော်တွေမှာ ဟောကြားခဲ့တဲ့ ခရစ်တော်ရဲ့ ဟောပြောချက်တွေက ဗြာဟ္မဏ (ပုဏ္ဏား) တွေကို အမြတ်ထွက်စေခဲ့တယ်။ ဒီအကြောင်းကပဲ ဟိမဝန္တာတောင်တန်းတွေဆီ ထွက်ခွာဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ခရစ်တော်ဟာ ဗုဒ္ဓစာပေ သင်ကြားရင်း ဟိမဝန္တာ တောင်တန်းဒေသမှာ နောက်ထပ် ခြောက်နှစ် အချိန်ကို ကုန်လွန်စေခဲ့ကြောင်း သမိုင်းဝင် စာပေ အထောက်အထားတွေက ဆိုပါတယ်။ ဂျာမန်ပညာရှင် ဟောလ်ဂါ ကာစတင် (Holger Kersten) ရဲ့ “Jesus Lived in India” ဆိုတဲ့ စာအုပ်ကလဲ အိန္ဒိယက ခရစ်တော်ရဲ့ ငယ်စဉ်က ဘဝအကြောင်း ပြောပြပါတယ်။ ကင်စတင်က သူ့ရဲ့ စာအုပ်မှာ အခုလို ဆိုထားပါတယ် “လုလင် ယေရှုဟာ ဆင်းနယ်ကို ကုန်သည်တွေနဲ့ အတူ လိုက်ခဲ့တယ်။ ဗုဒ္ဓရဲ့ အဆုံးအမ ဩဝါဒတွေကို သင်ယူရင်း ပြီးပြည့်စုံသူ တစ်ယောက် ဖြစ်ဖို့ အာရိယန်းတွေကြားမှာ နေထိုင်ခဲ့ပါတယ်။ ပန်ဂျပ်နယ်အနှံ့ ခရီးလှည့်လည်ခဲ့တယ်။ ဂျဂန်နက်ကို မထွက်ခွာခင် ဂျိမ်းဘုန်းကြီးတွေနဲ့ ခဏတဖြုတ် နေခဲ့ပါသေးတယ်”

မှတ်ချက်။ ။ www.calcuttanews.net က သတင်းကို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီ သတင်းနဲ့ ပက်သက်တဲ့ လူပုဂ္ဂိုလ်စတဲ့ အထောက်အထားတွေကို ကာလာနဲ့ လင့်ချိတ်ထားပါတယ်။ အဲဒီအပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။
========================================

ခရစ်တော်ရဲ့ ပျောက်ဆုံးနေသော နှစ်များနဲ့အကြောင်းကို ပညာရှင်တွေအကြား အမျိုးမျိုး ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါနဲ့ ပက်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း မြန်မာ့ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအဖွဲ့ (MTBG) ဆိုက်မှာ တွေ့ရပါတယ်။ အထက်က ဘာသာပြန် သတင်းနဲ့ ကွဲပြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီဆိုက်ရဲ့ မန်ဘာတစ်ယောက် ဖြစ်တဲ့ ကိုကိုတာက အရှင်အရိယဓမ္မရဲ့ ဗုဒ္ဓဝါဒပြဿနာများ ဆိုတဲ့ စာအုပ်ထဲက မေးခွန်းနံပါတ် (၁၂) ကို တိုက်ရိုက်ကူး စာစီပြီး ဝေငှထားတာပါ။ အဲဒီဆောင်းပါးကိုပဲ (MTBG)ဆိုက်မှာ ဖတ်ရတာ သိပ်အဆင်မပြေရင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ (A.B.M.A) ဘလော့မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ တောင်တွင်းကြီး အရှင်ဥက္ကဋ္ဌရဲ့ တပည့်တစ်ဦးဖြစ်တဲ့ အရှင်အရိယဓမ္မရဲ့ မူရင်း ဗုဒ္ဓဝါဒပြဿနာများ စာအုပ်ကို ဖတ်ချင်ရင်တော့ လင့်ပေါ်မှာ ကလစ်နှိပ် ဒေါင်းလုတ်ယူနိုင်ပါတယ်။
=========================================

ခရစ်တော်နဲ့ အိန္ဒိယ ဒဏ္ဍာရီအကြောင်းကို ပညာရှင်အသီးအသီးက ထင်မြင်ချက် အဖုံဖုံ ပေးထားကြပါတယ်။ သမ္မာကျမ်းစာကို ကျေညက်အောင် ဖတ်ထားပြီး သမိုင်းဝင် အထောက်အထားတွေကို ဂဃနဏ သိအောင် လေ့လာထားသူများ အနေနဲ့ ဒီ ဒဏ္ဍာရီဟာ အမှန် ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ဟောပြောချက်တွေက ဗုဒ္ဓရဲ့တရားတော်တွေနဲ့ အရမ်းနီးစပ်နေတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် အောက်က ဗွီဒီယိုဖိုင်တွေကို ကြည့်အပြီးမှာတော့ စာဖတ်သူအနေနဲ့ ယေရှုနဲ့ အိန္ဒိယ ဒဏ္ဍာရီအပေါ်မှာ တစ်ခုခု မှတ်ချက် ပေးနိုင်မှာ ဖြစ်ပပါတယ်။

The Missing Years of Jesus



***************************************************

အမေရိကန်ဗုဒ္ဓဘာသာဝင်များ ခရစ္စမတ်ပွဲတော် ပါဝင်ဆင်နွှဲ


ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန် ဘာသာဝင် တို့အတွက်သာ မဟုတ်တော့တာ ကြာပါပြီ။ ဘာသာအမျိုးမျိုး ကိုးကွယ်သူများနဲ့ ဘာသာမဲ့များပါ ခရစ္စမတ်ပွဲတော်ကို ပါဝင် ဆင်နွှဲကြပါတယ်။ အဲဒီအထဲမှာ ဝါရှင်တန်နယ်တစ်ဝိုက်က ဗုဒ္ဓဘာသာဝင် တွေလည်း ပါဝင်ပါတယ်။ ဝီလ်ဆင် ဟာလေး ဟာ အမေရိကန် တစ်နိုင်ငံလုံးက အခြားပြည်သူတွေလိုပဲ သူ့အိမ်မှာ ခရစ္စမတ် သစ်ပင် စိုက်ထူခဲ့ပါတယ်။ ဒါပေမယ့် သူ့ ခရစ္စမတ် သစ်ပင်ကတော့ မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် ရှေ့မှာ ထားတာပါ။


ဟာလေးဟာ မိရိုးဖလာ ခရစ်ယာန် တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့ပြီး သူအရွယ်ရောက်တဲ့ အချိန်မှာတော့ တိဘက် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တာ နှစ်ပေါင်း သုံးဆယ် ကျော်ပါပြီ။ မကြာခင်ကပဲ ဝိပဿနာ သင်တန်းတွေ ဖွင့်ပြီး ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ် အယူအဆနဲ့ အကျင့်ပဋိပတ်တွေ ထွန်းကား ပြန့်ပွားအောင် ဆောင်ရွတ်ခဲ့ပါတယ်။ အခြားသူတွေလိုပဲ ဗုဒ္ဓဘာသာဝင်များဟာလည်း ခရစ္စမတ်ပွဲတော်ကို ပါဝင်ဆင်နွှဲ နိုင်တယ်လို့ သူ ယုံကြည်ပါတယ်။ ‘ကျွန်တော် ထင်တယ်။ တကယ့် ခရစ္စမတ်ရဲ့ အနှစ်သာရက လူတွေရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ သဘောထား သေးသိမ်မှု၊ တစ်ကိုယ်ကောင်း ဆန်မှု၊ သည်းမခံနိုင်မှုနဲ့ ဒေါသတရားတွေကို ဖယ်ရှားပြီး လူတွေအပေါ်မှာ မေတ္တာ၊ ကရုဏာစိတ် မွေးမြူဖို့ ဖြစ်ပါတယ်’ လို့ ဟာလေးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း အတန်ကြာက ပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရ အမေရိကန်မှာ ဗုဒ္ဓဘာသာဝင် တစ်သန်းခွဲ ရှိပြီး စတုတ္ထမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတစ်ခု ဖြစ်ပါတယ်။ အမေရိကန် ဗုဒ္ဓဘာသာဝင် နှစ်ဆယ်ရာခိုင်နှုန်းသာ လူဖြူတွေ ဖြစ်ပြီး ကျန်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ အမေရိကန်မှာ လာရောက် အခြေချ နေထိုင်ကြတဲ့ အာရှတိုက်သားများ ဖြစ်ပါတယ်။ ဦးအေးသန်းဟာ လွန်ခဲ့တဲ နှစ်ပေါင်း သုံးဆယ်လောက်က မြန်မာနိုင်ငံကနေ အမေရိကန်ကို ပြောင်ရွေ့လာသူ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဗုဒ္ဓဘာသာကို အထူး သက်ဝင်ယုံကြည်သူ တစ်ယောက်ဖြစ်ပြီး ခရစ္စမတ်နဲ့ ပက်သက်လို့ သူ့အမြင်ကို ခုလို ပြောပါတယ် ‘ကျွန်တော်တို့လည်း ခရစ္စမတ်ပွဲ ဆင်နွှဲပါတယ်။ ခရစ်ယာန် ဘုရားကျောင်းကို မသွားပေမယ့် ကိုယ့် ဆွေမျိုး အပေါင်းအသင်းတွေကို အိမ်မှာ ဖိတ်တယ်။ ပြီးတော့ ကလေးတွေကို လက်ဆောင်ပေးတယ်။’

အမေရိကန်နိုင်ငံမှာ ရှိတဲ့ မြန်မာ ပြောင်းရွေ့နေထိုင်သူများထဲမှာ ခရစ်ယာန် ဘာသာဝင်ဦးရေ အတော်အတန် ရှိပေမယ်လို့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။ ဦးအေးသန်းဟာ ဗုဒ္ဓဘာသာဝင်များနဲ့ ခရစ်ယာန် ဘာသာဝင်များ ကြားမှာ တူညီတာတွေ အများအပြားရှိတာကို ယုံကြည်သူ တစ်ဦး ဖြစ်ပါတယ်။ ခရစ်ယာန် တရားတော်အများစုကိုလည်း သူ လက်ခံေကြောင်း ပြောပြပါတယ်။ ‘ခရစ်ယာန် တရားတော် ခုနှစ်ဆယ့်ငါး ရာခိုင်နှုန်းကနေ ရှစ်ဆယ် ရာခိုင်နှုန်းအထိ ကျွန်တော် လက်ခံတယ်။ အရာအားလုံးကို ထာဝရဘုရားသခင်က ဖန်တီးတယ်လို့ ခရစ်ယာန် ဘာသာဝင်တွေက ယုံကြည်တယ်။ ကျွန်တော်တို့က (Cause and Effect) အကြောင်းနဲ့ အကျိုးကို ယုံကြည်တယ်။ ဘယ်အရာမဆို သူ့ဟာသူ ဖြစ်လာတာ မဟုတ်ဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်တာ။ ကျွန်တော်တို့အတွက် ကောင်းတာ၊ ဆိုးတာတွေကို ဘယ်သူကမှ ဖန်တီးခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ခဲ့တာလို့ ယုံကြည်တယ် ’

အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ဒွန် ဖရာ့မုဒွီနိုင်း ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ပေမယ့် သူနဲ့ သူ့မိသားစုပါ ခရစ္စမတ် ထုံးတမ်းစဉ်လာ အချို့ကို ပြုလုပ်ကြပါတယ်။ သူက ‘ပုံမှန်အားဖြင့် ခရစ္စမတ်ရောက်တဲ့ အခါတိုင်း မိတ်ဆွေတွေကို ဖိတ်ပြီး အိမ်မှာ ညစာနဲ့ တည်းခင်း ဧည့်ခံပါတယ်။ ခရစ္စမတ် လက်ဆောင် အချင်းချင်း လဲလှယ်ကြတယ်။ နောက် ခရစ္စမတ်ကဒ်တွေလဲ ပေးပို့ကြပါတယ်’ လို့ ဆိုပါတယ်။

ဒီ ရွေ့ပြောင်း နေထိုင်သူများဟာ သူတို့ကိုယ်သူတို့ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် သက်မှတ်ကြပါတယ်။ သူတို့ဟာ အမေရိကန် ယဉ်ကျေးမှုရဲ့ ပင်မရေစီးချောင်းနဲ့ ပေါင်းစပ်လိုသူများလည်း ဖြစ်ပါတယ်။ သူတို့ကြားမှာ လူမျိုးမတူ၊ ဘာသာခြားတွေနဲ့ လက်ထပ်ခြင်းဟာ မဆန်းတော့ ပါဘူး။ ‘ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဟာ စိတ်သဘောထား ကြီးကြပါတယ်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာရယ်လို့ မခွဲခြားပါဘူး။ သူတို့ရဲ့ ခင်မွန်း၊ ဇနီးတွေက ခရစ်ယာန် ဖြစ်နေရင် သူတို့နဲ့အတူ ခရစ္စမတ်ပွဲတော်ကို ပါဝင် ဆင်နွှဲမှာ ဖြစ်ပါတယ်’ လို့ ထိုင်းသံအမတ်ကြီးက ရှင်းပြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ္စမတ် အလေ့အထ အားလုံးကို လိုက်နာ ဆောင်ရွတ်မှာ မဟုတ်ပေမယ့် ငြိမ်းချမ်း ပျော်ရွှင်စရာ ကမ္ဘာကြီးဖြစ်ဖို့ ခရစ်ယာန်များနဲ့အတူ ခရစ်စ္စမတ်ပွဲတော်နဲ့ အခြား ခရစ်ယာန် ပွဲတော်များကို ပါဝင်ဆင်နွှဲ နိုင်ကြောင်း ယုံကြည်ကြပါတယ်။

မှတ်ချက်။ ။ ဗွီအိုအေသတင်းမှ ဆီလျှော်သလို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါတယ်။

ရုပ်ရည်နှင့် အောင်မြင်မှု


ရုပ်ရည်ချောမော လှပမှုသည် လူတစ်ယောက်၏ ဘဝတိုးတက်မှု၊ အောင်မြင်မှုတို့အတွက် အထူး အရေးပါသည်ဟု ပြောလျှင် ကန့်ကွတ်မည့်သူ ရှားပေလိမ့်မည်။ လူနှစ်ယောက် တွဲသွားလျှင် ရုပ်ရည်ချောမော လှပသူကိုသာ ပထမဆုံး ကြည့်ကြသည်။ ကုမ္ပဏီပိုင်ရှင် များကလည်း အရည်အချင်း တူလျှင် ရုပ်ရည်ချောမော လှပသူများကိုသာ ဦးစားပေး ပေလိမ့်မည်။ အများစုက ကိုယ့်သူငယ်ချင်းတို့ကို ရုပ်ရည် လှပသူများ ဖြစ်စေလိုကြသည်။ အထူးသဖြင့် လူတိုင်းက ကိုယ့်ဘဝကြင်ဖော်ကို ရွေးချယ်ရာတွင် ရုပ်ရည်လှပသူများကိုသာ ရွေးချယ်လိုကြသည်။ သမ္မတကနေဒီနှင့် အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီတို့ ရာထူးရလာကြခြင်းမှာ ၎င်းတို့၏ ရုပ်ရည်ချောမော ပြေပြစ်မှုက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဆိုသည်။ တရားဝင် စစ်တမ်းများအဆိုအရ ကိုရုပ်ဆိုးတို့ထက် ရုပ်ရည် လှပသူတို့မှာ သူတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုတို့မှ လွတ်နိုင်ခြေ များကြောင်း သိရသည်။

ရုပ်ရည် လှပသူများကား မိမိတို့၏ မွေးရာပါ ရုပ်ရည်ကို ခုတုံးအဖြစ် သဘောထားကာ ဘဝ တဆင့်ထက် တဆင့် မြင့်ဖို့အတွက် ကြိုးစားသင့်လှသည်။ စာရေးသူအနေနှင့် အရပ်အမောင်း ကောင်း၍ ရုပ်ရည်လှပသည့် သူငယ်ချင်းတို့ကို အခါအခွင့်သင့်တိုင်း ပါးစပ်မှ ဖွင့်ဟချီးကျူးမိသလို သူတို့၏ ရုပ်ရည်ကို အသုံးချကာ အောင်မြင်မှု တစ်ခုခုရအောင် ကြိုးစားကြဖို့ တိုင်းတွန်းလေ့ရှိသည်။ အင်္ဂုတ္ထိုရ်၌ မြတ်စွာဘုရား ဟောခဲ့သလို လူအတော်များများက ရူပပ္ပမာဏ- ရုပ်ရည်ကို ကြည့်ကာ တိုင်းတာလေ့ရှိကြသည်။ စာရေးသူကား ကိုယ်ကိုယ်တိုင်က ရုပ်ရည်လှပသူ မဟုတ်၍လား မသိ၊ ချောမော သပ္ပါယ်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့ကို တွေ့တိုင်း သာသနာအတွက် ဂုဏ်ယူမိသည်။ အရပ်အမောင်း ကောင်းပြီး ခန့်ညားလှပသည့် မြန်မာအမျိုးသား၊ အမျိုးသမီးတို့ကို တွေ့တိုင်း နိုင်ငံအတွက် ဂုဏ်ယူမိသည်။ တစ်ဦးချင်းစီ၏ ရုပ်ရည်သည် ထိုသူတို့မှီတည်ရာ သာသနာနှင့် နိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။ ကမ္ဘာ့အလှမယ်ဘွဲ့ မကြာခဏ ဆွတ်ခူးလေ့ရှိသည့် လှပျိုဖြူတို့ကြောင့် ဗင်နီဇွဲလားနိုင်ငံမှာ ထင်ရှား ကျော်ကြားသည်။ ရုပ်ရည်လှပမှုသည် ဘဝတိုးတက်မှု၊ အောင်မြင်မှုရဖို့ အထောက်အကူကောင်း တစ်ခု ဖြစ်သည်ကိုတော့ အသိအမှတ်ပြုရမည် ဖြစ်သည်။

နယ်ပယ်အချို့တွင် ရုပ်ရည်ချောမောရုံ သာမက အောင်မြင်မှုပါ ရနေသူများကို ကြည့်ကာ မုဒိတာ ပွားမိသည်။ သူတို့ကို အားလည်း ကျမိပါသည်။ တကယ်တော့ နှစ်ခုလုံး ပြည့်စုံဖို့မလွယ်။ အချို့က ရုပ်လှသော်လည်း မအောင်မြင်ကြ၊ အချို့ကား အောင်မြင်သော်လည်း ရုပ်မလှကြ။ ရုပ်ရည်နှင့် အောင်မြင်မှုကို စဉ်းစားတိုင်း နာမည်ကျော် အင်္ဂလိပ် စာရေးဆရာ ဘားနက်ရှောနှင့် ကချေသည်မလေး တစ်ယောက် အကြောင်းကို သတိရမိသည်။ ဘားနက်ရှောမှာ ဉာဏ်ထက်မြတ်ပြီး ရုပ်ဆိုးသည်။ ကချေသည်မလေးက ချောမောပြေပြစ်၍ ဉာဏ်ထိုင်းသည်။ တစ်နေ့ စားသောက်ဆိုင်မှာ ဆုံတော့ ကချေသည်မလေးက သူတို့နှစ်ယောက်သာ ပေါင်းသင်းခဲ့လျှင် ဘားနက်ရှောလို ဉာဏ်ထက်မြတ်ပြီး သူ့လို လှပသည့် ကလေးလေးတွေ မွေးနိုင်ကြောင်း ပြောသည်။ ထိုစကားကို ကြားတော့ ဘားနက်ရှောက ‘နင့်လို ဉာဏ်ထိုင်းပြီး ငါ့လို ရုပ်ဆိုးတဲ့ ကလေးတွေ မွေးလာရင် ဘယ့်နှယ်လုပ်မလဲ’ ဟု ပြန်ပြောလိုက်သည်။ တကယ်တော့ ကိုယ်ရလာသည့် ဘဝကို ကျေနပ်နှစ်သက်ရင်း ကိုယ့်ဘဝကို အကောင်းဆုံး မြှင့်တင်ဖို့သာ အရေးကြီးပါသည်။ ကိုယ့်အားနည်းချက်ကို စဉ်းစားပြီး စိတ်ဆင်းရဲနေလျှင် တစ်သက်လုံး စိတ်ဆင်းရဲရုံသာ ရှိပေမည်။

ရုပ်မလှပသူတို့အတွက်တော့ ဆရာကြီး ဦးအောင်သင်း၏ ‘အစားထိုး အောင်မြင်မှု’ က အားတက်စရာ ဖြစ်ပါလိမ့်မယ်။ အသံမကောင်းသူ တစ်ယောက်အနေနှင့် အဆိုတော်အဖြစ် အောင်မြင်မှု မရနိုင်သော်လည်း အောင်မြင်သည့် ဒါရိုက်တာတစ်ယောက် ဖြစ်အောင် ကြိုးစားခြင်းဖြင့် ‘အစားထိုး အောင်မြင်မှု’ ကို ရနိုင်ကြောင်း ဆရာကြီးက ဆိုသည်။ ကိုရုပ်ဆိုးတို့အနေနှင့် မိမိတို့၏ ရုပ်ရည်အတွက် စိတ်ပျက်စရာ မလိုဘဲ ရိုးသား ကြိုးစားလျှင် အောင်မြင်မှုကို ရနိုင်မည့်အပြင် ထိုအောင်မြင်မှုနှင့်အတူ မိမိအပေါ် မြင်သည့် လူတို့၏ ကိုရုပ်ဆိုးဟူသော အမြင်ကိုလည်း ပြောင်းနိုင်ပါလိမ့်မည်။ အဆိုတော်အချို့ သီချင်းစဆိုစဉ်က ပရိသတ်တို့၏ အမြင်တွင် ရုပ်ဆိုးခဲ့သော်လည်း အောင်မြင်လာသည်နှင့်အမျှ ပရိသတ်အမြင်တွင် သူတို့၏ ရုပ်ရည်မှာ ပိုပို ချောမောလာသည်ကို တွေ့ရသည်။ အောင်မြင်မှုကြောင့် ရုပ်ရည်လှပလာခြင်းဟု ဆိုနိုင်ပါသည်။

အချို့ကား ရုပ်မလှကြသော်လည်း လူချစ်လူခင် ပေါများပြီး အပေါင်းအသင်း ဝင်ဆန့်သည်။ ထိုသူတို့ကို ကြည့်ပြီး ချီးကျူးမိပါသည်။ မိမိတို့၏ မလှပသည့် ရုပ်ရည်ကို စဉ်းစားကာ သိမ်ငယ်စိတ် ဝင်နေသူများကို တွေ့တိုင်း အင်းဝခေတ်က ဆူးတွင်းပစ်ဆရာတော်၏ အဖြစ်အပျက်ကလေးကို သွားသွား သတိရသည်။ တောရွာများတွင် ဝါမဝင်ခင် ကိုရင်များ ရှင်လိမ်ပြန်သည့် ဓလေ့ရှိသည်။ ကိုရင်ဘဝမှ ခေတ္တခဏ လူဝတ်လဲကာ မိမိတို့အိမ်များတွင် ခဏ သွားနေကြခြင်း ဖြစ်သည်။ ဆူးတွင်းပစ်ဆရာတော် လောင်းလျှာ ကိုရင်ကြီးသည်လည်း ရှင်လိမ်ပြန်ကာ အများနည်းတူ သူကြိုက်နေသည့် မိန်းကလေးအိမ် အလည်သွားသည်။ သူသွားလည်သည့် အချိန်မှာ မိန်းကလေးက ရက်ကန်း ရက်နေသည်။ ထိုမိန်းကလေးမှာ သူ့အိမ်သို့ ငယ်စဉ်ကတည်း အမြဲလိုလို ဆွမ်းခံကြွနေ၍ ခင်မင်နေသူ ဖြစ်သည်။ သူတစ်ဖက်သက် ကြိုက်နေသည့် မိန်းကလေးက ခါတိုင်းလိုပဲ ဖော်ဖော်ရွေရွေ စကားလက်ခံ ပြောသည်။ သူ့ဘက်ကတော့ ကြိုက်တာ သေချာသည်။ တစ်ဖက်က ကြိုက်သလား၊ မကြိုက်သလား သူမသိ။ သို့နှင့် ထိုနေ့က အရဲစွန့်ကာ ချစ်ကြောင်း ဖွင့်ပြောလိုက်သည်။ မိန်းကလေးပါးစပ်က သူ ထင်မှတ်မထားသည့် စကားထွက်လာသည်…'နင့်လို… ကိုရုပ်ဆိုးကို ဘယ်သူက စဉ်းစားမလဲ’ တဲ့။

ဆူးတွင်းပစ် ဆရာတော်မှာ အတော် အရုပ်ဆိုးပုံရသည်။ ထိုနေ့က ပြောလိုက်သည့် အိပ်မက်ထဲက သူ့ချစ်သူ စကားက သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။ သူ့ရုပ်ရည်ကိုလည်း အတော်စိတ်ကုန် သွားသည်။ ဘဝတိုးတက်ဖို့အတွက် သူ့ရုပ်ရည်ကို အားကိုး၍ မရတော့သည်ကို သဘော ပေါက်သွားသည်။ သူ့ဘဝ တိုးတက်လမ်းအတွက် ပညာသည်သာ တစ်ခုတည်းသော ထွက်ရပ်လမ်းဖြစ်ကြောင်း မြင်လာသည်။ သို့နှင့် မြို့တော်အင်းဝသို့ တက်ကာ လောကုတ္တရာစာပေကို အပတ်တကုတ် ကြိုးစားသင်ယူသည်။ နောက်ဆုံး မင်းကိုးကွယ်သည့် စာတတ်ပေတတ် နာမည်ကျော် ဆရာတော်တစ်ပါး ဖြစ်သွားသည်။ ရုပ်ဆိုးသူ ကိုရင်ကြီးကား သူကြိုက်နေသည့် မိန်းကလေး၏ အချစ်ကို မရခဲ့သော်လည်း ပညာကို အပတ်တကုတ် သင်ယူကာ နာမည်ကျော် ဆရာတော်တစ်ပါး ဖြစ်အောင် ကြိုးစားနိုင်ခဲ့သည်။

ကိုရုပ်ဆိုးတို့အတွက် အကောင်းဆုံး နမူနာ ယူစရာမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်းဆန်း၏ ဓာတ်ပုံကို ကြည့်ကာ ခန့်ညား၍ ရုပ်ရည်လှပကြောင်း သူငယ်ချင်းအချို့ ပြောသည်ကို မကြာခဏ ကြားရသည်။ ထိုသို့ပြောတိုင်း လက်မခံကြောင်း ပြန်ပြောမိသည်။ သမိုင်းဝင် သူ့ဓာတ်ပုံတို့နှင့် သူနှင့် ခေတ်ပြိုင် စာရေးဆရာတို့၏ သူ့အကြောင်း ရေးသားချက်တို့ကို ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ရုပ်မလှရုံသာမက ခန့်ညားမှုလည်း မရှိကြောင်း သိနိုင်ပါသည်။ သို့သော် မြန်မာပြည်သူတို့၏ စိတ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ခန့်ညားထည်ဝါ၍ ချောမောလှပနေပါသည်။ ထိုသို့ ဖြစ်ခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ တည်ကြည်ဖြောင့်မတ်မှု၊ ကိုယ်ကျိုးမဖတ် နိုင်ငံအတွက် စွန့်လွတ် အနင့်နာခံမှုတို့ကြောင့် ဖြစ်ပါလိမ့်မည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ လှပခန့်ညားမှု မရှိသည့် သူ့ရုပ်ရည်က သူ၏ ထင်ပေါ်ကျော်ကြားမှုနှင့် အောင်မြင်မှုကို မဟန့်တားနိုင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော (၈၈) မျိုးဆက် ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်တို့သည်လည်း ကိုရုပ်ဆိုးတို့အတွက် အားတက်စရာ၊ အတုယူစရာ များပင် ဖြစ်သည်။ သာမန်အားဖြင့် ကြည့်လျှင် သူတို့မှာ ရုပ်ရည်လှပကြသူများ မဟုတ်သလို အရပ်အမောင်း ကိုယ်လုံး ကိုယ်ထည်ကအစ မလှပကြ။ သို့သော် သူတို့၏ ရိုးသားမှု၊ စွန့်လွတ်အနစ်နာခံမှု၊ ယုံကြည်ချက် ခိုင်မာမှုတို့က သူတို့၏ ပကတိ ရုပ်ရည်ကို ကျော်လွန်ကာ ခန့်ညား တင့်တယ်စေသည်။ ရုပ်ရည် မလှပမှုက သူတို့၏ အောင်မြင်မှုကို မဟန့်တားနိုင်။ အချုပ်အားဖြင့် ဆိုရလျှင် ပင်ကိုယ် ရုပ်လှသူများက မိမိတို့၏ ရုပ်ရည်လှပမှုကို အပြည့်အဝ အသုံးချကာ အောင်မြင်မှုကို ရယူသင့်သလို ဘဝကံပေး အခြေအနေအရ ရုပ်မလှသူတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်း၊ ကိုမင်းကိုနိုင်တို့ကို အားကျအတုယူကာ ရိုးသားမှု၊ စွန့်လွတ် အနင့်နာခံမှု၊ စိတ်ကောင်း စေတနာမှန်တို့ဖြင့် အောင်မြင်မှုကို ရယူကာ ရုပ်ရည် ခန့်ညား လှပသူများ ဖြစ်လာနိုင်ပါသည်။


ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆု ပြဿနာ

ဒီရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာဟာ ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆု ဆွတ်ခူး လိုက်တယ်ဆိုတဲ့ သတင်း Forward Mails တွေ တော်တော်များများ ရောက်လာပါတယ်။ 'ဝမ်းသာစရာ သတင်း' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောက်လာတာပါ။ သူငယ်ချင်း တစ်ယောက်ကလဲ ဒီသတင်းကို ဝမ်းပမ်းတသာ ပြောရှာပါတယ်။ ဒီေမေးလ်ကို လွန်ခဲ့တဲ့ နှစ်လလောက်ကလဲ ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်မထင်လို့ စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။ ခုတော့ ဒီသတင်းက အွန်လိုင်းပေါ်မှာရော အပေါင်းအသင်းတွေ ကြားမှာပါ လူပြောသူပြော များနေလို့ မယုံပေမယ့် စိတ်ဝင်စားမိတာတော့ အမှန်ပါပဲ။ ဒီလို စိတ်ဝင်စားရင်းနဲ့ပဲ ဒီသတင်းအကြောင်း ဝေဖန်ရေးသားထားတဲ့ ဒီဆောင်းပါးလေးကို သွားတွေ့ပါတယ်။ အလင်းတန်း ဘလော့ဂါ ကိုမင်းထက်ရဲ့ လက်ရာ ဖြစ်ပါတယ်(http://kominhtet.blogspot.com)။ ဗဟုသုတ ဖြစ်စရာ၊ စဉ်းစားစရာတွေ ပါလို့ အားလုံးကို ဝေငှလိုက်တာပါ။


အခုတလော အွန်လိုင်းပေါ်မှာ ရေပန်းတင်မက၊ ကုန်းပန်း လေပန်းပါ စားနေတဲ့ ဘာသာရေးဆိုင်ရာ သတင်းတစ်ပုဒ် ပလူပျံနေလေရဲ့ဗျို့။ အဲဒီသတင်း အတွက် ပေးထားတဲ့ Comment တွေဆိုလဲ စိတ်ဝင်စားစရာ အလွန့်ကို ကောင်းပါဘိခြင်း။ စာဖတ်သူ အတော်များများလည်း ဖတ်ကြ ပြီးလောက်ရောပေါ့။ “ဗုဒ္ဓဘာသာက အကောင်းဆုံး ဘာသာရေးဆုကို ဆွတ်ခူးလိုက်သည်” ဆိုတဲ့ သတင်းလေ။ အတော်အတန် သိလောက်ပြီး ဖြစ်ပေမဲ့ မသိရသေးသူများအတွက် သတင်းဆိုင်ရာ အချက်အလက် အနည်းငယ်ကို အရင် တင်ပြပေးပါဦးမယ်။ ဒီလိုတဲ့...


ဆုရွေးချယ်ရေး စံချိန်စံညွှန်းများဖြစ်တဲ့
(၁) promoting personal and community peace =
လူတစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်း တစ်ခုလုံး၏ ငြိမ်းချမ်းမှုကို မြှင့်တင်ရေး
(၂) increasing compassion and a sense of connection=
ကိုယ်ချင်းစာနာမှုနှင့် ဆက်ဆံပေါင်းသင်းရေးဆိုင်ရာ အသိကို တိုးမြှင့်ပေးရေး
(၃) encouraging preservation of the natural environment=
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အားမြှင့်ပေးရေးဆိုတဲ့ မူ (၃)ချက်နဲ့အညီ ကမ္ဘာပေါ်ရှိ ဘာသာတရားပေါင်း (၃၈) ခုကို သုတေသနပြုပြီး သက်ဆိုင်ရာဘာသာ အသီးသီးတို့ရဲ့ ခေါင်းဆောင်ပေါင်း (၂၀၀) ကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာရေးခေါင်းဆောင် အများစုက သူတို့ရဲ့မူရင်းဘာသာကို မဲမပေးဘဲနဲ့ ဒီဆုနဲ့ အထိုက်အတန်ဆုံးဟာ ဗုဒ္ဓဘာသာတရားသာ ဖြစ်ပါတယ်ဆိုပြီး ဗုဒ္ဓဘာသာကိုပဲ “ကမ္ဘာ့အကောင်းဆုံး ဘာသာတရား” အဖြစ် အသိအမှတ်ပြုပြီး မဲပေးခဲ့ကြပါသတဲ့။ အဲဒီထဲက ဘာသာရေးခေါင်းဆောင် တစ်ချို့ရဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေက ဒီလိုပါ။

မြောက်အိုင်ယာလန်နိုင်ငံရဲ့ မြို့တော် Belfast မှာနေထိုင်သူ ခရစ်ယန် ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ Ted O'Shaughnessy ကတော့ သူ့အမြင်ကို ဒီလိုပြောပါတယ် “ကျုပ် ကက်သလစ်ခ်ဘုရား ကျောင်းတော်ကို သိပ်ချစ်ပေမဲ့ ကျုပ်တို့ဟာ စာထဲပါတဲ့ မေတ္တာတရားဆိုတာကို ဟောပြောနေကြတာပဲ၊ နောက်ပြီး ဘုရားသခင်ရဲ့ အလိုတော်ကို သိရမယ်တဲ့။ အဲဒီဘုရားသခင်ရဲ့ အလိုဆိုတာကလဲ လူသားတွေကို သတ်ဖြတ်နေတယ်လို့ သိရတဲ့အခါ ကျုပ် စိတ်အနှောက်အယှက် ဖြစ်လှတယ်၊ အဲဒါကြောင့် ကျုပ်ကတော့ ဗုဒ္ဓဘာသာဝင်တွေကိုပဲ မဲပေးခဲ့တယ်”။

ပါကစ္စတန်နိုင်ငံက မွတ်စလင်ဘာသာရေး ဓမ္မဆရာတစ်ဦးဖြစ်သူ Tal Bin Wassad ကလည်း သူ့အမြင်ကို ဘာသာပြန်ကနေ တစ်ဆင့် ဒီလိုပြောပါတယ် “ကိုင်းရှိုင်းတဲ့ မူစလင်ဘာသာဝင် တစ်ယောက်အနေနဲ့ ကျုပ်တွေ့နေ မြင်နေရတာက ပုဂ္ဂိုလ်ရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘာသာရေးပြယုဂ်တွေထဲမှာ ဒေါသတွေ၊ သွေးမြေကျမှုတွေ ဘယ်လောက်တောင် စီးဝင်နေတယ်ဆိုတာကိုပါပဲ၊ ဗုဒ္ဓဘာသာမှာတော့ အဲဒါမျိုး မတွေ့ရပါဘူး။ နောက်ပြီး ကျုပ်ရဲ့ အကောင်းဆုံး မိတ်ဆွေတွေဟာလည်း ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ကြပါတယ်”။

ဂျေရုစလင်မြို့က ဂျူးဘာသာဝင် တစ်ယောက်ဖြစ်သူ Rabbi Shmuel Wasserstein ကလည်း “ကျုပ် ဂျူးဘာသာတရားကို သိပ်မြတ်နိုးတာပေါ့ဗျာ၊ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘာသာတရားတစ်ခု လို့တောင် ကျုပ်ယူဆပါတယ်၊ ဒါပေမဲ့ ရိုးရိုးသားသား ဝန်ခံရရင်တော့ ဂျူးဘာသာရေးဆိုင်ရာ နေ့စဉ်ဝတ်ပြုဆုတောင်းမှု တစ်ခုဖြစ်တဲ့ Minyan မလုပ်ခင်မှာ နေ့တိုင်းနေ့တိုင်း ကျုပ် ဝိပဿနာတရား အားထုတ်တယ်၊ အဲဒါ ၁၉၉၃ ခုနှစ်ကတည်းပဲ၊ ဒါကြောင့် ကျုပ် ဗုဒ္ဓဘာသာထဲပဲ မဲထည့်လိုက်တယ်” ဆိုပြီး သူ့ဆန္ဒကို ထုတ်ဖေါ်ခဲ့ပါတယ်။

သူတို့နည်းတူ အခြားအခြားသော ဘာသာရေး ခေါင်းဆောင်များကလည်း သူတို့အကြောင်းပြချက်နဲ့ သူတို့ ဗုဒ္ဓဘာသာအပေါ် မဲပေးခဲ့ကြတယ်လို့ သတင်းက ဆိုပါတယ်။ ချုပ်လိုက်တော့ ဗုဒ္ဓဘာသာက မဲအများဆုံးရပြီး ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆုကို ဆွတ်ခူးလိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက “ဒီသတင်းဟာ အမှန်အကန်မှ ဟုတ်ရဲ့လား” ဆိုတဲ့မေးခွန်းအတွက် ပေးရမည့် အဖြေပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီဆုကို ရွေးချယ်ခဲ့တဲ့ ဆွင့်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အခြေစိုက်တယ်လို့ဆိုတဲ့ International Coalition for the Advancement of Religious and Spirituality (ICARUS) အဖွ့ဲအစည်းဟာ အွန်လိုင်းပေါ်မှာ ရှာမရသလို အဖွဲ့ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Hans Groehlichen ဆိုသူကိုလည်း အခုထိ ဘယ်သူမှ ဆက်သွယ်လို့ မရဖြစ်နေပါတယ်။

Comment ပေးကြတဲ့လူတွေကို ကြည့်လိုက်မယ်ဆိုရင် သာမန် အွန်လိုင်းဝါသနာအိုးတွေ သာမက ဘာသာရေး စိတ်ဝင်စားသူတွေ၊ ပါမောက္ခကြီးတွေအပြင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်တော်မူတဲ့ အဓိပတိဆရာတော်တောင် ပါပါသေးတယ်။ ဒါပေမဲ့ ဆရာတော်ဘုရားရဲ့ Comment ကတော့ ဆုနဲ့ပတ်သက်ပြီး ဘာမှ မပြောပါဘူး။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေရဲ့ ကွာခြားချက်ကိုသာ ထောက်ပြသွားတာပါ။ ဒီအတွက် ဆရာတော်က စကားလုံး နှစ်လုံးကို သုံးခဲ့ပါတယ်။ Theocentric (ဖန်ဆင်းရှင်ပဓာန) နဲ့ Homocentric (လူသားပဓာန) ဆိုတဲ့ စကားလုံးတွေပါ။ ဒီစကားလုံးတွေကို သာမန် အင်္ဂလိပ်အဘိဓာန်ထဲရှာလို့ တွေ့ကြမှာ မဟုတ်ပါဘူး။ ဆရာတော်ဘုရားက ဗုဒ္ဓဘာသာဟာ လူကို ဗဟိုပြုတဲ့ဘာသာဖြစ်ပြီး တခြားဘာသာတွေကတော့ ဖန်ဆင်းရှင်ကို ဗဟိုပြုတဲ့ဘာသာတရား ဖြစ်ကြောင်း ခွဲခြားပြပါတယ်။ ဆရာတော်ဘုရားရဲ့ မှတ်ချက် အချုပ်ကတော့ ဒီလောက်ပါပဲ။

တစ်ချို့လဲ မဆီမဆိုင် ထေရဝါဒက ဘယ်လို၊ မဟာယာနက ဘယ်လိုဆိုပြီး ဆရာလုပ် သွားကြပါသေးတယ်။ Comment အတော်များများကတော့ ဒီသတင်းကို ကြိုဆိုတဲ့အကြောင်း၊ သိရတာ ဝမ်းသာတဲ့အကြောင်း ရေးကြပါတယ်။ ဆန့်ကျင်ဘက်လုပ်ရေးတဲ့ လူတွေလဲ အတော်များများတွေ့ရလေရဲ့။ တစ်ချို့လဲ ဒီဆုကြောင့် ဘာသာရေး ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ကြောင်း ထောက်ပြကြပါတယ်။ လူတိုင်းလောက်နီးပါးဟာ ကိုယ်ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကိုသာ အကောင်းဆုံးလို့ လက်ခံယူဆ ကြတဲ့အတွက် ဒီလိုဆုမျိုးဟာ တကယ်ရှိရင်တောင် ပြန်ဖျက်သိမ်းသင့်ကြောင်း အဆိုပြုထားလည်း တွေ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဒီသတင်းဟာ အစစ်အမှန်ဖြစ်ရင် ကြိုဆိုသင့်ပေမဲ့ အထက်မှာပြောခဲ့သလို
(၁) အဖွဲ့အစည်းဆိုင်ရာ အချက်အလက်တွေ အင်တာနက်ပေါ်မရှိခြင်း
(၂) အဖွဲ့တည်ရာကို မညွှန်ပြခြင်း
(၃)ဖုန်းနံပါတ်နဲ့ အီးမေးလိပ်စာတွေ ပေးမထားခြင်း စတဲ့ အကြောင်းတွေကို သုံးသပ်ကြည့်ရင် ဒီသတင်းဟာ ကြက်သွန်နီသတင်းမျိုး ဖြစ်ဖို့ရှိကြောင်း ဝေဖန်ကြပါတယ်။ ကြက်သွန်နီဥဟာ အလွှာတစ်ခုပြီး တစ်ခု ခွါလိုက်တဲ့အခါ နောက်ဆုံးအတွင်းသားမှာ ဘာမှမတွေ့ရပဲ လွှာသူမှာသာ မျက်စိစပ်ပြီး ကျန်ရစ်သလို ဒီသတင်းနောက် လိုက်နေရင်တော့ နောက်ဆုံး ဘာမှမတွေ့ရပဲ အင်တာနက်ကြည့်ရလွန်းလို့ မျက်စိစပ်ပြီး ကျန်ရစ်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ကျနော်ရဲ့ မျက်စိတွေလည်း ဒီသတင်းနောက် စိတ်ဝင်တစားလိုက်ဖတ်ရင်း အခုတော့ စပ်နေပါပြီ။
ကိုမင်းထက် (အလင်းတန်း)

မှတ်ချက်။ ။ စိတ်ဝင်စားသူများ အောက်ပါ Website တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း အသိပေးပါသည်။
Beliefnet


အထက်က ဝက်ဆိုက်ထဲမှာ ရေးထားကြတဲ့ ကွန်မန့်တွေထဲက စိတ်ဝင်စားစရာ နှစ်ခုကိုလည်း ဝေငှလိုက်ပါတယ်။

Ethan Nichtern
July 20, 2009 3:49 PM
http://theidproject.com/

All,

I think it is very clear that this piece is an Onion style joke. Not sure what the origin was, but I found it pretty funny.

It is so like our culture of competition to have a "Best Religion in the World" competition and then name a nonreligion the winner!

Love it.
*******************************************************

Your Name
July 21, 2009 6:12 PM

First of all, I thank FFRF, a non religious organization for choosing Buddhism as the world's best 'religion'.

If an organization or a person wishes to give an award to Buddhism, one must learn and follow the teachings of the Lord Buddha. One should pay deepest respect to the lord Buddha, the founder of Buddhism and the teacher of the Dhamma.

However, Religion is Theocentric (God center) teaching. Dhamma is homocentric (human center) teaching. If someone follows the Dhamma, pratice the Dhamma, he is automatically free from religion.

The best following of the Buddha's teaching is the best reward to Buddhism as the best religion.

Dr. Ashin Nyanissara
Chancellor Sitagu International Buddhist Academy

အငိုဒုက္ခတိုင်းပြည်

ကဗျာမရေးတတ်ပေမယ့် ငယ်စဉ်က ကဗျာတွေကို စွဲစွဲလမ်းလမ်း ခံစားခဲ့ဖူးပါတယ်။ ပုဂံခေတ်က အမည်မသိ စာဆိုတစ်ယောက် ရေးခဲ့တဲ့ ‘မြကန်ဖွဲ့ကဗျာ’၊ အရှင်မဟာရဋ္ဌသာရရဲ့ ‘ဝဏ္ဏပဘာ’ ကဗျာ ကစလို့ ဆရာမောင်ခိုင်မာရဲ့ ‘ရှင်မရေ’ ကဗျာတွေအဆုံး ကဗျာမျိုးစုံ ဖတ်ခဲ့ဖူးတယ်။ 

အသက် နှစ်ဆယ့်သုံးနှစ် လောက်ကစပြီး ရသစာပေ၊ အထူးသဖြင့် ကဗျာကို ကျောခိုင်းခဲ့ပြီး သုတစာပေကိုပဲ အလေးပေး ဖတ်ရှုဖြစ်ခဲ့ပါတယ်။ ဒီနှစ်လယ်ပိုင်းလောက်က မေးလ်ကတဆင့် ရခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုတော့ အရမ်း သဘောကျ သွားမိတယ်။ ကဗျာဆရာ ကောင်းကင်ကို ရေးတဲ့ ‘အငိုဒုက္ခ တိုင်းပြည်’ ဆိုတဲ့ ကဗျာပါ။ ကိုယ့်ကိုယ်ကို ကဗျာရဲ့ ရသကို မခံစား တတ်တော့သူ တစ်ယောက်လို့ ထင်ခဲ့ပေမယ့် အဲ့ဒီကဗျာက ရင်ကို အရှိန်ပြင်းပြင်းနဲ့ လာထိပါတယ်။ ကဗျာဆရာနဲ့ ခံစားချက် တူနေတာရယ်... ကဗျာဆရာရဲ့ ကဗျာဖွဲ့ဆိုမှု အတတ်ပညာကြောင့်ရယ် ဖြစ်ပါလိမ့်မယ်။ 

ကဗျာက စစ်အုပ်စုရဲ့ လက်အောက်မှာ ခေတ်ပျက်နဲ့ တွေ့ကြုံနေရတဲ့ ကဗျာဆရာ တစ်ယောက်ရဲ့ ခံစားမှုကို အပီအပြင် သရုပ်ဖော်ထားပါတယ်။ ကဗျာဆရာရဲ့ ရင်ဘက်ထဲက လာတဲ့ ခံစားချက်စစ်စစ် ဖြစ်လို့ထင်ရဲ့၊ သုံးထားတဲ့ စကားလုံးတွေက အားပါသလို ကာရန်တွေကလည်း အရမ်းလှပပါတယ်။ ဒီကဗျာကို ဖတ်ရင်း ခေတ်တစ်ခေတ်ရဲ့ ဘဝသရုပ်ကို ကာရန်တွေနဲ့ ဖော်ဆောင်ခဲ့ကြတဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကဗျာကြီးတွေ၊ မောင်ခိုင်မာရဲ့ ရှင်မရေ…ကဗျာတွေကို လွမ်းမိတယ်။ ဒါနဲ့ပဲ စာဖတ်သူတွေကို မျှဝေပြီး ခံစားစေချင်တဲ့ ဆန္ဒတွေ ပေါ်လာခဲ့ပါတယ်။ ဒီကဗျာဖတ်ပြီး ကဗျာခံစားသူ့စိတ်ထဲ တစ်ခုခု ကျန်ခဲ့မယ်လို့ မျှော်လင့်ပါတယ်… 


အငိုဒုက္ခ တိုင်းပြည် 


လိုသလို ပုဒ်မ ချလို့ရတဲ့ 
အငို ဒုက္ခ တိုင်းပြည်မှာ 
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။ 
လိပ်ပြာတွေကို နှင်ထုတ်နေသည်။ 
သွေးညှီနံ့တွေနဲ့ ချဉ်စုတ် နေပြီ။ 
လူတွေအားလုံး ရင်ရှုပ် နေသည်။ 

တက္ကသိုလ်များ လယ်ကွင်းထဲသို့ပြောင်းသွားလေပြီ။ 
ဘွဲ့ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။ 
သူတောင်းစားတို့ကျ ကောင်းစားနေသည်။ 
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။ 
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။ 

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။ 
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။ 
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။ 
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။ 
ဖြုတ်ဦးနှောက်တွေနဲ့..အရမ်း..လုပ်နေပြီ။ 

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့..ဘာမှမရှိဘူး..အဟောင်းသား။ 
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။ 
ဒီလိုနဲ့ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။ 
ဘဝနဲ့ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။ 
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။ 
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။ 

သူငယ်ချင်းတစ်ချို့ အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။ 
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။ 
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့သက်သေတစ်စပဲ။ 
ကမ္ဘာက သာမန်လူတွေနဲ့ငါတို့ကာရန်တူရုံလေးတောင်.. ဘာလို့ဒီလောက်အထိ ခက်နေရသလဲ။ 
မြေညီထပ်လေး ရောက်ဖို့တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။ 

ဆန္ဒခံယူပွဲ အတုကြီးနဲ့လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။ 
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ဖားလိုက်။ 
သူငယ်ချင်းတို့......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့...ထားလိုက်။ 

အသိဉာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ 
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။ 
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။ 
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။ 

သူငယ်ချင်း... 
မင်း..အေးအေးဆေးဆေးနေလို့လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့။ 
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့။ 
ဝန်နဲ့အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။ 
ကပ်တစ်ခုစိုက်လိုက်တာနဲ့မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။ 

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ 
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ 
ပြည်သူတွေကလည်း သူတို့ထင်သလို အချဉ်မဟုတ်ပါ။ 

ဒီလိုနဲ့မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ် 
သူတို့တွေရဲ့ ပလ္လင်ခဏခဏလှုပ်လည်း 
အခုထိမပြုတ်သေးတော့ 
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ် 
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။ 

ဒုက္ခတွေနဲ့ ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ 
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။ 
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။ 
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။ 

ကောင်းကင်ကို 

ကဗျာဆရာ ကောင်ကင်ကိုရဲ့ ကဗျာတွေကို ခံစားချင်ရင်တော့ သူရဲ့ ဘလော့ဂ်ကို သွားရောက် လည်ပတ်နိုင်ပါတယ်။ (http://kaungkinko.myanmarbloggers.org) 
အရှင်သစ္စာနန္ဒ

သစ္စာ

ပဲပုပ်နဲ့ ဆီဆမ်းဆားဖြူး
အရသာထူးလှပါဘိ
မြူးသည့် ဖြစ်ခြင်း

အဖြူရောင် သစ္စာဟင်းချိုနဲ့
ဖြစ်သလိုသာ လွေးလိုက်တယ်
မဆွေးတော့ပါဘူး


နာမည်ပျက်တဲ့ အမည်းစက်
ခဲဖျက်နဲ့ မပျက်တာမို့
ခဏတာသာယာရေး မတွေးတော့ပါဘူး

ရေများရာမိုးရွာ
မျက်နှာကြီးရာဟင်းဖတ်ပါ
ဖြစ်မြဲပင် ဓမ္မတာမို့
အပြစ်လဲ မမြင်ရက်ပါဘူး

ပေးပြီးသားကတိသည်
မဆပ်ရသေးတဲ့ အကြွေး

ကြွေးပူတွေအေးအောင်ပ
သစ္စာရေသောက်ကြမယ်
နောက်မဆုတ်ကြေး 
မျိုးချစ်သွေး

ဝဿကာရအမတ်ကြီးနှင့် သီရိလင်္ကာနိုင်ငံမှ မြန်မာစာသင်သား ရဟန်းတော်များ

ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းက အိမ်နီးချင်း နိုင်ငံငယ်ကလေးဖြစ်သည့် ဝေသာလီကို သိမ်းပိုက်လိုသည်။ သေးငယ်သော်လည်း ညီညွတ်သည့်အတွက် တိုက်ခိုက်သိမ်းပိုက်ရန် မလွယ်ကူ။ အမတ်ကြီး ဝဿကာရ၏ အစီအစဉ်အရ အကွက်ကျကျ သပ်လျှိုထိုးခွဲနည်းကို အသုံးပြုကာ ဖြိုခွဲခဲ့သည်။ ထိုနည်းတူ စစ်အစိုးရသည်လည်း အမတ်ကြီးဝဿကာရ၏ သပ်လျှိုထိုးခွဲနည်းကို အသုံးချပြီး တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်လုပ်ကာ ညီညွတ်ရေးကို ဖြိုခွဲသည်။ ထိုဒဏ်ကို မွန်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကိုးကန့်စသည့် တိုင်းရင်းသားတို့မှာ အလူးအလဲ ခံနေကြရသည်။ 
 
ယခုလည်း သီရိလင်္ကာမှာ စာပေသင်ကြားနေကြသည့် မြန်မာစာသင်သား ရဟန်းတော်များအကြား ညီညွတ်ရေး ပြိုကွဲအောင် အကွက်ကျကျ လုပ်ဆောင်သွားခဲ့သည်။ (၂၂၊ ၁၁၊ ၂၀၀၉) ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ မကုဋာရာမ မြန်မာကျောင်းတွင် မြန်မာသံရုံးမှ ဆွမ်းကပ်ပွဲ ကျင်းပခဲ့သည်။ နှစ်နှစ်ကျော် ကာလအတွင်း မြန်မာသံရုံးက ပထမဆုံး ကပ်သည့် ဆွမ်းဖြစ်သည်။ 
 
အမှန်ပြောရလျှင် ထိုဆွမ်းကပ်ပွဲက (၂၀၀၈)ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲကဲ့သို့ ခြိမ်းခြောက်မှု၊ မြူဆွယ်မှုတို့ဖြင့် စစ်အစိုးရ လှည့်ကွက်ထဲ ဝင်သွားသည်ဟု ဆိုချင်သည်။ နိုဝင်ဘာ (၁၂)ရက်နေ့မှ (၁၅) ရက်နေ့အထိ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ လာသွားသည်။ သူ့ခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံရှိ မြန်မာစာသင်သား ရဟန်းတော်တို့ကို လှူဒါန်းရန် သင်္ကန်းနှင့် ဒေါ်လာတွေ ပါလာသည်။ သူမလာခင် တစ်လကျော်လောက်က ပြည်သူတို့ဆီမှ အလှူခံထားခြင်း ဖြစ်သည်။ သို့သော် မြန်မာကျောင်း သုံးကျောင်းလုံးသို့ သူကိုယ်တိုင် မလာရဲခဲ့။ သင်္ကန်းနှင့် ဒေါ်လာတို့ကို သံရုံးမှာ ချန်ထားခဲ့ပြီး သံဃာများအကြား ဝဿကာရအမတ်ကြီးနည်းကို ကျင့်သုံးရန် ညွှန်ကြားသွားခဲ့ဖွယ် ရှိသည်။ ဗိုလ်သန်းရွှေ ပြန်သွားပြီး တစ်ပတ်အတွင်း မကုဋာရာမ မြန်မာကျောင်းမှာ ဆွမ်းကပ်ရန် စီစဉ်တော့သည်။ 
 
ဆွမ်းကပ်မလာလျှင် စာရင်းမှတ်မည်၊ ပတ်စပို့်၊ ဗီဇာကိစ္စ အခက်အခဲဖြစ်မည်၊ မြန်မာနိုင်ငံအပြန်မှာ ဖမ်းဆီးခံရမည်စသည်ဖြင့် ခြိမ်းခြောက်သည့် သတင်းတွေ လွှင့်သည်။ (၂၂) ရက်နေ့ ဆွမ်းကပ်တော့ တစ်ပါးလျှင် ဒေါ်လာနှစ်ရာ (US Dollar: 200)နှင့် ညီမျှသော ရူပီ (၂၁၀၀၀)၊ သင်္ကန်းစသော လှူဖွယ်ဝတ္ထုတွေ လှူဒါန်းသွားသည်။ ပြည်သူလူထုက လှူဒါန်းခဲ့ခြင်း ဖြစ်သော်လည်း လှူဒါန်းသမျှ လှူဖွယ်ပစ္စည်းတို့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့မှ လှူဒါန်းကြောင်း စာတမ်း ရေးထိုးထားသည်။ သူကြီးဘုရား၊ ရွာသားကောင်းမှု-ဟူသော မြန်မာစကားပုံကို ယခုမှ ကိုယ်တိုင် တွေ့ကြုံရခြင်း ဖြစ်သည်။ ငါးကြင်းဆီဖြင့် ငါးကြင်း ပြန်ကြော်ခဲ့ခြင်းလည်း ဖြစ်သည်။ 
 
စာရင်းများအရ ဆွမ်းစားကြွရောက်သည့် သံဃာအပါး (၁၅၀) ရှိသည်ဟု သိရသည်။ ဝါဆိုသံဃာစာရင်းအရ ယခုနှစ် (၂၀၀၉) သီရိလင်္ကာ၌ စာပေသင်ကြားနေသည့် သံဃာအပါး (၂၄၇) ပါးရှိပါသည်။ (ဤစာရင်းတွင် သီလရှင်ဆရာလေးများ၊ ကိုရင်များမပါပါ။) ခရီးထွက်နေသည့် သံဃာ ဆယ်ပါးခန့်ကို ဖယ်လိုက်လျှင် ယခုလက်ရှိ သံဃာစာရင်း (၂၃၅)ပါးခန့် ရှိပါလိမ့်မည်။ သံဃာအပါး (၁၅၀) ဟူသော အရေအတွက်မှာ သီရိလင်္ကာနိုင်ငံ၌ စာပေသင်ကြားနေသည့် မြန်မာသံဃာအများစု ဖြစ်နေသည်မှာ ထင်ရှားသည်။ 
 
မည်သို့ပင် ဖြစ်စေ မိမိတို့အနေနှင့် သံဃာအများစု၏ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို လေးစားပါသည်။ သို့သော် ကျန်သည့် သံဃာ (၈၅)ပါးတို့သည်လည်း မိမိတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက်ကို ထုတ်ဖေါ်ပြောဆိုခွင့် ရှိသည်ဟု ယုံကြည်သည်။ 
 
မိမိတို့အနေနှင့် မြန်မာပြည်တွင်းမှ အဖိနှိပ်ခံ ရဟန်းတော်များ၊ ပြည်သူပြည်သားများကို စာနာထောက်ထားသောအားဖြင့် စစ်အစိုးရနာမည်ဖြင့် လှူဒါန်းသည့် ဆွမ်းကို မစား၊ ဒေါ်လာနှစ်ရာကို မယူခဲ့ကြခြင်း ဖြစ်သည်။ အလှူခံခဲ့ကြသည့် သံဃာအားလုံးနီးပါး စစ်အစိုးရကပ်သည့်အလှူကို မဆန့်ကျင်ခဲ့ကြသော်လည်း စစ်အစိုးရကို ထောက်ခံသူများ မဟုတ်ကြသည်မှာ ယုံမှားစရာ မရှိပေ။ သို့သော် ၎င်းတို့အလှူခံခြင်းသည် သူ့အကြောင်းနှင့်သူ ဖြစ်မည်-ဟု ယုံကြည်ပါသည်။ 
 
အားလုံးမှာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိသည်မဟုတ်လော။ မည်သို့ဆိုစေ အလှူခံသူ၊ မခံသူတို့အကြား ဝိဝါဒ ကွဲပြားနေလျှင် စစ်အစိုးရဆင်သည့် ခွင်ထဲ အမှန်ပင် ရောက်သွားပါလိမ့်မည်။ ယခုအချိန်မှာ အရာအားလုံးထက် သံဃာညီညွှတ်ရေးက ပိုပြီး အရေးကြီးပါသည်။ သံဃာတစ်ဦးချင်းဆီ၏ ယုံကြည်ချက်၊ ရပ်တည်ချက်ကို တန်းဖိုးထား လေးစားရင်း စစ်အစိုးရ၏ သပ်လျှိုထိုးခွဲနည်း ကျင့်သုံးပုံကို အထူးသတိထား ဆင်ခြင်ကာ မိမိတို့အတွင်း သံဃာညီညွတ်ရေးကို ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါသည်။