ပထမဆုံး ခြေလှမ်းနှင့် လင်္ကာတမန်မဂ္ဂဇင်း



ခရီးစဉ်တိုင်းအတွက် ပထမဆုံး ခြေလှမ်းသည် အခက်အခဲဆုံး ဖြစ်ကြောင်း တရုတ် အတွေးအခေါ် ပညာရှင်ကြီး ကွန်ဖြူးရှပ်က ဆိုခဲ့သည်။ လုပ်ငန်း တစ်ခုကို အောင်အောင်မြင်မြင် လုပ်ဖူးသူတိုင်း ထိုစကားကို သဘောကျ နှစ်သက်ကြလိမ့်မည် ထင်ပါသည်။ ခရီးတစ်ခု စတင်ထွက်ခွာဖို့ ပထမဆုံးခြေလှမ်းကို ကြိုတင် ပြင်ဆင်မှု၊ စုပေါင်းလုပ်ဆောင်မှု တို့အပြင် ယုံကြည်ချက်ပါ ပေါင်းစပ်ထည့်ရန် လိုအပ်သည်။ စုပေါင်း လုပ်ဆောင်မှုဖြင့် ခရီးဆက်ရသည့် မည်သည့် လုပ်ငန်းမဆို ပထမဆုံး ခြေလှမ်းမှာ အများသူငါ ယုံကြည်မှု ရအောင် လုပ်ဆောင်ဖို့ လိုအပ် လှပါသည်။ (၂၊ ၁၊ ၂၀၁၀) နေ့က ပြုလုပ်ခဲ့သည့် လင်္ကာတမန် မဂ္ဂဇင်း မိတ်ဆက်ပွဲက မကုဋာရာမ မြန်မာကျောင်း အလှည့်ကျ နာယက ဆရာတော်များ အပါအဝင် သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များ၏ ယုံကြည်မှုကို ရယူနိုင်ခဲ့၍ လင်္ကာတမန် မဂ္ဂဇင်း၏ ပထမဆုံး ခြေလှမ်းကို စတင်နိုင်ရန် တွန်းအားပေးခဲ့သူ တစ်ဦးအနေနှင့် ဝမ်းသာရပါသည်။

၂၀၀၉ ခုနှစ် နှစ်ဦးပိုင်း ပြုလုပ်ခဲ့သည့် သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ အစည်းအဝေးတစ်ခု၌ သီရိလင်္ကာမှာ မြန်မာရဟန်းတော်များ စုပေါင်းထုတ်ဝေသည့် မဂ္ဂဇင်း တစ်စောင် ရှိသင့်ကြောင်း အဖွဲ့ဝင် ဆရာတော်တစ်ပါးမှ အကြုံခဲ့သည်။ ထိုအချိန်မှစ၍ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန် အချင်းအချင်း ပြောဆို ဆွေးနွေးခဲ့ကြသည်။ စည်းဝေးသည့် အဆင့်သို့ကား မရောက်သေး။ စာရေးသူတို့ အနေနှင့် (၂၀၀၈) ခုနှစ် ကေလနိယတက္ကသိုလ် ကျောင်းသားမှတ်တမ်း ဗီစီဒီခွေကို စုပေါင်း လုပ်ဆောင်ခဲ့ကြသည့် အတွေ့အကြုံဖြင့် မဂ္ဂဇင်းတစ်စောင်ကိုလည်း စုပေါင်း ထုတ်ဝေနိုင်မည်ဟု ယုံကြည်ခဲ့ကြပါသည်။ သို့သော် မဂ္ဂဇင်း ထုတ်ဝေဖို့ အဓိက အဟန့်အတား ဖြစ်သည့် တောင်ကြီးနှစ်လုံးကို ကျော်လွှားရန် ယုံကြည်ချက် ပြင်းထန်ဖို့တော့ လိုအပ်ကြောင်း ရိပ်စားမိခဲ့ကြပါသည်။ ထိုတောင်ကြီး နှစ်လုံးမှာ အဆင့်မီသည့် စာမူများ ရရှိနိုင်မှု ရှိ၊ မရှိနှင့် ဘဏ္ဍာငွေကြေး ဖြစ်သည်။ ထိုအတွင်း သီရိလင်္ကာနိုင်ငံသို့ အလည်အပတ် ရောက်လာသည့် စင်္ကာပူနိုင်ငံ ဓာတ်တော်တိုက်ဆရာတော်မှ ငွေရေးကြေးရေးနှင့် လိုအပ်သည့် အကူအညီအချို့ကို သူတက်စွမ်းသမျှ ကူညီမည်ဖြစ်ကြောင်း ပြောကြားလာ၍ အားတက်ခဲ့ရသည်။ အများအတွက် အကျိုးရှိမည်ထင်သည့် မည်သည့်လုပ်ငန်းကိုမဆို အမြဲ အားပေးလေ့ရှိသည့် ပီနန်ဆရာတော်ကြီး ရှိနေ၍လည်း ငွေရေးကြေးရေး အတွက် ပူပန်စိတ်တွေ ပျောက်ခဲ့ရသည်။

မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန် စိတ်ကူးကို လက်တွေ့ အကောင်အထည်ဖေါ်ရန် (၁၉၊ ၃၊ ၂၀၀၉) နေ့ နှင့် (၂၀၊ ၃၊ ၂၀၀၉) နေ့တို့၌ အကြိုစည်းဝေးပွဲများ ပြုလုပ်ပြီး ဦးတည်ချက်ချမှတ်ခြင်း၊ မဂ္ဂဇင်းအမည် ရွေးချယ်ခြင်း၊ ဖွဲ့စည်းပုံရေးဆွဲခြင်း စသည့် အခြေခံလိုအပ်ချက်တို့ကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။ အထူးသဖြင့် မဂ္ဂဇင်းအမည် ရွေးချယ်ခြင်းက အရေးပါသကဲ့သို့ စိတ်လှုပ်ရှားစရာလည်း ကောင်းပါသည်။ တက်ရောက်လာကြသည့် သံဃာတော်များမှ အမည်ရှစ်မျိုးကို တင်ပြခဲ့ကြသည်။ စာရေးသူအနေနှင့်လည်း “လင်္ကာမြေ” ဟူသော အမည်ကို တင်ပြခဲ့သည်။ သို့သော် စာရေးသူ တင်ပြခဲ့သည့် အမည်က တတိယသာ ချိပ်ခဲ့သည်။ တင်ပြလာသည့် အမည်ရှစ်မျိုးအနက် ဦးပညာဒီပ (မလေးရှား)၏ “လင်္ကာတမန်” ဟူသော အမည်က မဲအများဆုံး ရပြီး မဂ္ဂဇင်းအမည် ဖြစ်သွားသည်။


“လင်္ကာတမန်” ဟူသောအမည်တွင် စကားလုံးနှစ်ခု ပါဝင်ပြီး ‘လင်္ကာ’ ဆိုသည်မှာ သီရိလင်္ကာနိုင်ငံ၌ အဆင့်မြင့် ဗုဒ္ဓစာပေများ သင်ကြားနေကြသော မြန်မာကျောင်းသား ရဟန်းတော်အားလုံးကို ရည်ညွှန်းပါသည်။ ‘တမန်’ ဟူသော အသုံးအနှုန်းမှာ ထိုမြန်မာကျောင်းသား ရဟန်းတော်တို့ ရေးသားတင်ပြသော ၎င်းတို့၏ ဘဝအတွေ့အကြုံ၊ အတွေးအခေါ်အယူအဆနှင့် စာပေသင်ကြားမှုစသည့် သတင်းစကားကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာလူမျိုး ရဟန်းရှင်လူပြည်သူတို့ သိရှိနိုင်ရန် မဂ္ဂဇင်းအသွင်ဖြင့် ‘တမန်’ စေလွှတ်ခြင်းကို ဆိုလိုပေသည်။ အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုမှုအရ “လင်္ကာတမန်” ဟူသော အမည်မှာ အဓိပ္ပါယ် လေးနက်လှပါသည်။ ဤနေရာ၌ လင်္ကာတမန်မဂ္ဂဇင်း၏ လိုဂိုကို စိတ်ရှည်လက်ရှည် ရေးဆွဲပေးခဲ့သည့် အရှင်တေဇနိယာလင်္ကာရ (ပဲခူး)ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ထိုအကြို စည်းအဝေးပွဲများအတွင်း အချိန် အတော်ကြာ ဆွေးနွေးခဲ့ရသည့် အကြောင်းအရာ တစ်ခုမှာ ထုတ်ဝေမည့် မဂ္ဂဇင်းတွင် နိုင်ငံရေးနှင့် ပက်သက်သည့် စာမူများ ထည့်သွင်းခြင်း ပြုရေး၊ မပြုရေး ကိစ္စဖြစ်သည်။ တစ်ဖတ်နှင့် တစ်ဖတ် ကိုယ့်အမြင်၊ သူ့အမြင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံး နိုင်ငံရေးနှင့် ပက်သက်သည့် စာမူများကို ထည့်သွင်းခြင်း မပြုရန် မွဲခွဲဆုံးဖြတ် ခဲ့ကြပါသည်။ ယခု ထုတ်ဝေသည့် မဂ္ဂဇင်းမှာ မြန်မာပြည်တွင်းမှ ရဟန်းတော်များနှင့် ဒကာ၊ ဒကာမတို့အတွက် အဓိကထားပြီး ပညာရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုတို့ကို အသားပေး ဖော်ပြမည် ဖြစ်၍ ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံရေးမှာ ပညာရေး၊ ဘာသာရေးစသည့် အရေးမှန်သမျှတို့နှင့် ခွဲမရအောင် စပ်ဆက်နေသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ စာပေစိစစ်ရေးမူကြောင့် နိုင်ငံရေးသဘော ပါဝင်နေသည့် စာမူများကို မထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြ ရခြင်း ဖြစ်သည်။ ထိုအစည်းအဝေးများမှာ ဒီမိုကရေစီနည်းအရ မဲခွဲဆုံးဖြတ်ခြင်းကို ကျင့်သုံးခဲ့၍ ထူးခြားပါသည်။

(၂၁၊ ၃၊ ၂၀၀၉) ရက်နေ့မှာတော့ မကုဋာရာမ မြန်မာကျောင်း၌ သံဃာစုံညီ အစည်းဝေးပြုလုပ်ပြီး လင်္ကာတမန် အမည်ဖြင့် မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရေးကို နောက်ဆုံး အတည်ပြုခဲ့ကြပါသည်။ (၂၃၊ ၃၊ ၂၀၀၉) ရက်နေ့ သံဃာစုံညီ အစည်းအဝေးမှ မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသူတို့ကို ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြသည်။ ခြောက်ပါး ပါဝင်သည့် အယ်ဒီတာအဖွဲ့ကိုတော့ ကော်မတီမှ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအစည်းအဝေးမှ စာမူနောက်ဆုံး ပေးပို့ရမည့်ရက်ကို (၃၁၊ ၅၊ ၂၀၀၉) ရက်နေ့အဖြစ် သက်မှတ်ခဲ့ကြပါသည်။ ထိုသို့ စာမူပို့ရက်ကို သုံးလ သက်မှတ်သည်ကို အချိန်ကြာလွန်းကြောင်း အကြောင်းပြ၍ ကန့်ကွတ်ခဲ့ကြသူများလည်း ရှိသည်။ မည်သို့ဆိုစေ ပထမခြေလှမ်းအတွက် အချိန်ယူရမည် မဟုတ်လော။

မဂ္ဂဇင်းတစ်စောင် ထုတ်ဝေမည်ဆိုတော့ အိန္ဒိယနိုင်ငံက မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ နဝမအကြိမ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေရေး တာဝန်ခံဆရာတော် ဦးပညာသာမိ၊ စင်္ကာပူနိုင်ငံမှ ရွှေမြန်မာမဂ္ဂဇင်း ထုတ်နေသည့် ဒေါက်တာခင်မောင်ဝင်း အပါအဝင် ပြည်တွင်း၊ ပြည်ပမှ အတွေ့အကြုံ ရှိသည့် ပုဂ္ဂိုလ်တို့ကို မေးမြန်းရသည်။ စာပေနှင့် စာအုပ်ထုတ်ဝေရေး အတွေ့အကြုံ အတန်အသင့် ရှိကြသည့် အယ်ဒီတာ ဆရာတော်တို့၏ အကြံဉာဏ်ကလည်း ယုံကြည့်မှုကို ဖြစ်စေပါသည်။ ထိုအတွင်း မဂ္ဂဇင်း ထုတ်ဝေရန် ငွေကြေးလှူဒါန်းကြမည့် အလှူရှင်တွေ အမည်ထွက်လာတော့ မဂ္ဂဇင်း ဖြစ်မြောက်ရေးက တစ်ဝက် သေချာသွားပါသည်။ ဖြစ်ပေါ်မလာသေးသည့် မဂ္ဂဇင်းအတွက် ယုံကြည်မှုအပြည့်ဖြင့် လှူဒါန်းကြသူတို့မှာ… မလေးရှား ပီနန်ဆရာတော်ကြီးမှ မလေးရှား ရင်းဂစ် (၁၀၀၀၀)၊ စင်္ကာပူ ဓာတ်တော်တိုက် ဆရာတော်မှ စင်္ကာပူဒေါ်လာ (၅၀၀)၊ ဦးသောပါကမှ ယူရို (၃၀၀)နှင့် ဒေါ်နန်းလောင်ဝမ် မိသားစုမှ စင်္ကာပူ (၁၀၀) တို့ ဖြစ်သည်။ လိုအပ်သည့် အချိန်၊ လိုအပ်သည့်နေရာတွင် ယုံကြည်မှုအပြည့်ဖြင့် လှူဒါန်းကြသည့် ထိုအလှူရှင်တို့မှာ လိုချင်သည့်ဆုကို မတောင်းတဘဲ ရကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဤနေရာ၌ မဂ္ဂဇင်းထုတ်ဝေရန် ဘဏ္ဍာငွေ အလုံအလောက် ရရှိအောင် စွမ်းဆောင်ခဲ့သည့် မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌဆရာတော် ဦးဩဘာသာ (အင်ဒို) ကို ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်လိုပါသည်။

စာမူဖိတ်ခေါ်ချိန် သုံးလအတွင်း စာမူ အများအပြား ရောက်လာပါသည်။ သို့သော် အဆင့်မီသည့် စာမူများ အလုံအလောက် မရသေးဟု အယ်ဒီတာအဖွဲ့မှ ဆုံးဖြတ် ပြောဆိုလာ၍ အဆင့်မီသည့် စာမူများ ရရှိရေးနှင့် မဂ္ဂဇင်းထုတ်ဝေရန် စတင် ပြင်ဆင်ရေးကိစ္စတို့ ဆွေးနွေးရန် အစည်းအဝေး ခေါ်ယူခဲ့ပါသည်။ (၃၁၊ ၅၊ ၂၀၀၉) ရက်နေ့က ပြုလုပ်ခဲ့သည့် ထို အစည်းအဝေးမှ သီရိလင်္ကာနိုင်ငံသို့ စာသင်လာကြမည့် မြန်မာ ရဟန်းတော်တို့အတွက် သတင်း အချက်အလက် ပေးနိုင်ရန် သီရိလင်္ကာနိုင်ငံမှ တက္ကသိုလ်များအကြောင်း၊ ဒါနသီရိလင်္ကာအကြောင်း စသည့် သတင်း အချက်အလက်တို့ကို စုစည်းတင်ပြရန် စွမ်းနိုင်သူတို့ကို တာဝန် အသီးသီး ပေးခဲ့ပါသည်။ စာမူပေးပို့ရန် နောက်ဆုံးရက်ကိုလည်း နောက်ထက် ဆယ့်ငါးရက် ထပ်တိုးခဲ့ပါသည်။ ထိုအစည်းအဝေးက မဂ္ဂဇင်းထုတ်ဝေရေးအတွက် စတင် စိုင်းပြင်းဖို့ တွန်းအား ပေးနိုင်ခဲ့ပါသည်။ မူ အတိအကျ သက်မှတ် မထားသော်လည်း သီရိလင်္ကာမှာ စာပေသင်ကြားနေကြသည့် သံဃာတော်များနှင့် သီရိလင်္ကာမှာ စာပေသင်ကြားခဲ့သည့် ရဟန်းတော်တို့ အထံမှသာ စာမူတောင်းရန် ဆွေးနွေးခဲ့ ကြပါသည်။ စာပေ ရေးသားဖူးကြသည့် သံဃာတော်တို့ကို အီးမေးလ်ဖြင့် တသီးတသန့် အကြောင်းကြားပြီး စာမူတောင်းခံခဲ့သည်။ နောက်ဆုံး ပြုလုပ်ခဲ့သည့် အစည်းအဝေးကြောင့် ယုံကြည်မှု တက်လာ၍လား မသိ၊ ဆယ့်ငါးရက်အတွင်း စာမူတွေ တဖွဲဖွဲ ရောက်လာပါသည်။

မဂ္ဂဇင်းတစ်စောင် ဖြစ်ရန် အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ်ခဲ့ရသည်။ ထို စည်းဝေးပွဲတို့ကြောင့်လည်း မဂ္ဂဇင်းတစ်စောင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ မဂ္ဂဇင်းကို သီရိလင်္ကာနိုင်ငံတွင် ပုံနှိပ်ရန် စဉ်းစားထားတော့ ပုံနှိပ်တိုက်နှစ်ခုမှ သက်ဆိုင်သူတို့နှင့် တွေ့ဆုံပြီး ကိုယ်ထုတ်ဝေချင်သည့် မဂ္ဂဇင်းအရည်အသွေး၊ စာမျက်နှာ၊ စာအုပ်အရေအတွက်နှင့် ကုန်ကျစရိတ်တို့အတွက် ဆွေးနွေးခဲ့ကြသည်။

စာမူများ ပေးပို့ရက် ကုန်ဆုံးချိန်မှာတော့ အယ်ဒီတာတွေ လုပ်ငန်းစတင်တော့သည်။ အယ်ဒီတာ ခြောက်ပါး တာဝန်ပေးထားသည်။ အင်္ဂလိပ်စာကဏ္ဍ အတွက် အယ်ဒီတာ တစ်ပါးမှ သီးသန့် တာဝန်ယူသည်။ အင်္ဂလိပ်စာကဏ္ဍအတွက် မြန်မာစာစာပေ၊ မွန်စာပေ စသည့် ရှေးဟောင်း တိုင်းရင်းသား စာပေတို့ကို အင်္ဂလိပ်လို ဘာသာပြန်ထားသည့် စာမူများကိုသာ လက်ခံခဲ့ပါသည်။ မြန်မာစာကဏ္ဍအတွက် အယ်ဒီတာ ငါးပါး တာဝန်ယူသည်။ ပေးပို့လာသည့် စာမူများကို အချို့အယ်ဒီတာက တစ်ရာ ရာခိုင်းနှုန်း၊ ရှစ်ဆယ်၊ ငါးဆယ်၊ သုံးဆယ်စသည့် ရာခိုင်းနှုန်းဖြင့် ရွေးချယ်သည်။ အချို့က ရွေးရန် ကောင်းသည့် စာမူ၊ သင့်သည့် စာမူ၊ ပယ်သင့်သည့် စာမူဟူ၍ သုံးမျိုးခွဲကာ ရွေးချယ်သည်။ အချို့က တစ်၊ နှစ်၊ သုံးစသည် အဆင့်ခွဲပြီး ရွေးချယ်သည်။ ပေးပို့လာသည့် စာမူများအားလုံးကို အယ်ဒီတာ တစ်ပါးချင်းစီက ဖတ်ပြီး အယ်ဒီတာ ငါးပါးလုံး ရွေးချယ်သည့် စာမူ၊ လေးပါး ရွေးချယ်သည့်စာမူ၊ သုံးပါး ရွေးချယ်သည့် စာမူဟူ၍ ခွဲခြားလိုက်သည်။ စာမူတစ်ခု ရွေးချယ်ခံရဖို့ အနည်းဆုံး အယ်ဒီတာ သုံးပါး သဘောကျဖို့ လိုအပ်ပါသည်။ ထို ရွေးချယ်ပြီးသား စာမူတို့ကိုလည်း မဂ္ဂဇင်းတွင် ထည့်သွင်းသင့်သည့် စာမူနှင့် အရံအဖြစ် ထားရှိမည့် စာမူဟူ၍ နှစ်မျိုး ခွဲခြားပြန်ပါသည်။

ပထမဆုံး ထုတ်ဝေသည့် မဂ္ဂဇင်းတစ်ခု၏ အယ်ဒီတာတို့၏ တာဝန်ကား ကြီးလှသည်။ ပေးပို့လာသည့် စာမူတို့တွင် ပါဝင်သည့် အချက်အလက်တို့ မှန်ကန်ခိုင်လုံမှု ရှိ၊ မရှိ စိစစ်ရသည်။ စာ အသွားအလာ ပြေပြစ်ရန် ပြင်ဆင်ရသည်။ စကားလုံး သုံးနှုန်းပုံ၊ စာလုံးပေါင်း သက်ပုံကအစ ဂရုတစိုက် ပြင်ဆင်ရသည်။ မျက်နှာလိုက်ခြင်း၊ အားနာခြင်းတို့ကို ရှောင်ကြည်ရသည်။ အကြောင်းအရာ တစ်ခုအတွက် စာမူနှစ်ခု ပေးပို့လာလျှင် မျက်နှာ မထောက်ဘဲ ကောင်းသည့် စာမူကို ရွေးချယ်ခဲ့သည်ဟု သိရသည်။ အကြောင်းအရာက ကောင်းပြီး စာပေအရေးအသားက ညံနေလျှင် စာရေးသူကို ခွင့်တောင်းကာ ပြင်ဆင်ရသည်။ စကားလုံး အသုံးအနှုန်း အချို့ကြောင့် အယ်ဒီတာ ဆရာတော်တစ်ပါး၏ စာမူကိုပင် ပယ်ခဲ့ရသည်ဟု ဆိုသည်။ အခြားသူ ရေးထားသည့် စာကို တစ်ဝက်နီးပါး ကူးချထားသည့် စာမူကိုလည်း တွေ့ခဲ့ရကြောင်း သိရသည်။ စာပေသင်ကြားနေသည့် ကြားမှ မိမိတို့၏ တန်ဖိုးရှိသည့် အချိန်တို့ကို ခွဲဝေ ပေးခဲ့ကြသည့် အယ်ဒီတာ ဆရာတော် ခြောက်ပါးကို အထူး ကျေးဇူးတင်မိပါသည်။

အယ်ဒီတာတွေ စိစစ်ထားသည့် စာမူတို့ကို ပရုဖတ်ရသည့် လုပ်ငန်းကလည်း လက်ဝင်သည်။ အားလုံးက ကျောင်းသားတွေဆိုတော့ အားလပ်သည့် အချိန်မှာ စုပေါင်း လုပ်ဆောင်ရသည်။ စာရေးသူ အနေနှင့် ပရုဖတ်သည့် အလုပ်ကို ပထမဆုံး လုပ်ဖူးခြင်း ဖြစ်သည်။ အယ်ဒီတာတွေ ရွေးချယ်သည့် စာမူတို့ကို ကြည့်ကာ အားရမိသည်။ အထူးသဖြင့် မိမိရေးထားသည့် စာမူလေး ရွေးချယ်ခံရသည့် စာရင်းထဲ တွေ့ရတော့ စာရေးသူ တစ်ယောက်အနေနှင့် ဝမ်းသာရပါသည်။ (၂၈၊ ၇၊ ၂၀၀၉) ရက်နေ့မှာတော့ မကုဋာရာမ မြန်မာကျောင်း အလှည့်ကျ နာယကဆရာတော်များ၊ ကော်မတီဝင်များ၊ အယ်ဒီတာများ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အားလုံးက မဂ္ဂဇင်းတစ်စောင် ဖြစ်ပေါ်လာတော့မည်ဟူသော အတွေးများဖြင့် တက်ကြွ ပျော်ရွှင်နေကြသည်။ ထိုနေ့ ညပိုင်းမှာ မဂ္ဂဇင်းကော်မတီနှင့် အယ်ဒီတာအဖွဲ့တို့ အပြီးသက်အနေနှင့် မဂ္ဂဇင်းမှာ ထည့်မည့် ဓာတ်ပုံများ၊ ပါသင့်ပါထိုက်သည်များ၊ မဂ္ဂဇင်းမှာ ရေးမည့် အသုံးအနှုန်းမှအစ နောက်ဆုံး ဆွေးနွေးဖြစ်ကြသည်။ မဂ္ဂဇင်းအတွင်းအပြင် ဒီဇိုင်းအပြင်အဆင်အတွက် မြန်မာနိုင်ငံမှ ဒီဇိုင်းနာနှင့် အပ်ရန် နောက်တစ်နေ့ မြန်မာနိုင်ငံပြန်မည့် အယ်ဒီတာဆရာတော် ဦးကုသလသာမိနှင့် ထည့်ပေးလိုက်မည် ဖြစ်၍ ထိုနေ့က နောက်ဆုံးအနေနှင့် အချောကိုင် ကြရခြင်း ဖြစ်သည်။

အယ်ဒီတာအဖွဲ့ဝင် ဦးကုသလသာမိကား ဒေါက်တာဘွဲ့အတွက် သူတင်မည့် ကျမ်းအတွက် မြန်မာနိုင်ငံ ပြန်ပြီး အချက်အလက် ရှာခြင်း ဖြစ်သည်။ လင်္ကာတမန်မဂ္ဂဇင်း ဒီဇိုင်းနှင့် စာအုပ် အပြင်အဆင်အတွက် သူ့ကို တာဝန် လွှဲအပ်ထားသည်ဆိုတော့ စိတ်ရှည်ရှည်ထားပြီး စေတနာ ပါပါ လုပ်သည်။ သူ့မပါလျှင် လင်္ကာတမန် မဂ္ဂဇင်းဆိုတာလည်း ဖြစ်ပေါ်လာမည် မဟုတ်။ သူ့ကို အထူး ကျေးဇူးတင်ရပါသည်။ ဦးကုသလသာမိနှင့် ဒီဇိုင်းဆရာတို့ ဆွေးနွေးအပြီးမှာတော့ နဂိုက အကြမ်းတွက်ချက်ထားသည့် Four Color ဘယ်နှစ်ရွက်၊ Two Color ဘယ်နှစ်ရွက်စသည်တို့မှာ အများကြီး ပြောင်းလဲသွားသည်။ မြန်မာနိုင်ငံ ဒီဇိုင်းလုပ်ပြီး တစ်ခါတည်း ဖလင်ဖောက်ခဲ့ဖို့ ကိစ္စကိုလည်း ဒီက ပုံနှိပ်တိုက်နှင့် ထပ်မံ တွေ့ဆုံပြီး ဆွေးနွေးရသည်။ Quotation (ဈေးနှုန်း ခန့်မှန်းချက်) ကိုလည်း သေချာအောင် ထပ်တောင်းရ ပြန်သည်။

ထိုအတွင်း မလေးရှား၊ စင်္ကာပူရောက်နေသည့် ဥက္ကဋ္ဌက မလေးရှားနိုင်ငံတွင် ပုံနှိပ်လျှင် သီရိလင်္ကာနှင့် ဈေးအနည်းငယ်သာ ကွာဟမှုရှိပြီး စာအုပ် အရည်အသွေး ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့တွင် ဖြန့်ချိမည့် စာအုပ်တို့အတွက် စာအုပ်သယ်ဆောင် စရိတ် သက်သာသွား မည်ဖြစ်ကြောင်း ချပြ၍ မဂ္ဂဇင်းကို မလေးရှားတွင် ပုံနှိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုသို့ဖြင့် ရန်ကုန်ရောက်နေသည့် အယ်ဒီတာ ဆရာတော်လည်း မဂ္ဂဇင်းအတွက် ဒီဇိုင်းပြီး၍ ဖလင်ပါ ဖောက်ခဲ့ကာ ဖလင်လိပ်ကို မလေးရှားသို့ ယူသွားခဲ့ရသည်။ နိုဝင်ဘာလကျမှ လင်္ကာတမန်မဂ္ဂဇင်းကို မလေးရှားမှာ ပုံနှိပ်နိုင်တော့သည်။ တစ်နှစ်နီးပါး မက်ခဲ့ကြသည့် အိပ်မက် စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့၍ ဝမ်းမြောက်ကြရသည်။

မဂ္ဂဇင်း ဖြစ်မြောက်ရေးအတွက် စိတ်ရောကိုယ်ပါ အားစိုက် လုပ်ဆောင်ခဲ့ကြသည့် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးဩဘာသ (အင်ဒို)၊ ဒုဥက္ကဋ္ဌ ဦးစန္ဒောဘာသ၊ အတွင်းရေးမှူ ဦးစက္ကပါလ၊ တွဲဖတ်အတွင်းရေးမှူ-၁ ဦးသောဘန (ဆွီဒင်)၊ တွဲဘက်အတွင်ရေးမှူ-၂ ဦးတိက္ခဉာဏာလင်္ကာရ၊ ဘဏ္ဍာရေးမှူး ဦးဥတ္တမသာရ (PDO)၊ စာရင်းစစ် ဦးနိမလတို့ကို၎င်း၊ အယ်ဒီတာများ ဖြစ်ကြသည့် ဦးပဏ္ဍိတ (Ph.D, Thesis)၊ ဦးသုဝဏ္ဏ (တက္ကသိုလ် ဆွေသုဝဏ်)၊ ဦးမာနိတ (ပေရာဓေနိယတက္ကသိုလ်)၊ ဦးကုသလသာမိ (ပျော်ဘွယ်)၊ ဦးပညာစာရ (ခင်ဦး)၊ ဦးဥတ္တမသာရ (PDO) တို့ကို၎င်း အထူးပင် ကျေးဇူးတင်ကြောင်း အမည်ထုတ်ဖော်၍ မှတ်တမ်း တင်အပ်ပါသည်။ မဂ္ဂဇင်းဖြစ်မြောက်ရေး အတွက် ကျရာကဏ္ဍမှ ဆောင်ရွက်ခဲ့ကြသည့် ကော်မတီအဖွဲ့ဝင်တို့ကိုလည်း ကျေးဇူးတင်ရပါသည်။

စာမျက်နှာအားလုံး ကြွေစက္ကူ အကောင်းစားချည်း သုံးထားတော့ မဂ္ဂဇင်းက ကောင်းလွန်းနေသည်။ မလေးရှား၊ စင်္ကာပူနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဖြန်ချိရန် အခက်အခဲ မရှိနိုင်သော်လည်း မြန်မာနိုင်ငံအတွက် သီးသန့် ပုံနှိပ်ရဖို့ အကြောင်းဖန်လာသည်ဟု ဆိုရမည်။ စာအုပ်ရေ (၁၀၈၀) ပုံနှိပ်ပြီး မလေးရှားနိုင်ငံတွင် မဂ္ဂဇင်းအုပ်ရေ (၆၀၀)၊ စင်္ကာပူနိုင်ငံတွင် အုပ်ရေ (၂၄၀)၊ သီရိလင်္ကာနိုင်ငံတွင် အုပ်ရေ (၂၄၀) ဖြန်ချိရန် ခွဲတမ်းချလိုက်သည်။ မလေးရှားနိုင်ငံတွင် ဓမ္မဝိဟာရကျောင်း၊ ကတ်ပုံးကျောင်း၊ ရတနာရာမကျောင်း၊ မွှားကျောင်း၊ ညောင်ကန်အေးကျောင်း၊ ဓမ္မာရုံကျောင်း၊ ဂျိုဟိုးကျောင်းနှင့် ပီနန်မြန်မာကျောင်း ဆရာတော်တို့မှ စေတနာ၊ မေတ္တာအပြည့်ဖြင့် မဂ္ဂဇင်းကို တာဝန်ခံ ဖြန်ချိပေးကြသည်။ မဂ္ဂဇင်းအုပ်ရေ တစ်ရာကျော်ကို တစ်ဦးတည်း တာဝန်ခံ ဖြန်ချိပေးသည့် မလေးရှားနိုင်ငံမှ ကိုမိုးသီးကိုလည်း ကျေးဇူးတင်ရပါသည်။ မလေးရှားနိုင်ငံ၌ စာအုပ် ပုံနှိပ်ခြင်းမှအစ တာဝန်ခံ ဖြန်ချိပေးကြမည့် ကျောင်းများသို့ ပို့ဆောင်ရေးအဆုံး ကိစ္စဝိစ္စအားလုံးကို ဦးကုသလသာမိ နှင့်အတူ တာဝန်ခံ ဆောင်ရွက်ပေးခဲ့ကြသည့် ရတနာရာမကျောင်းမှ ဆရာတော် ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့ကိုလည်း မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ စင်္ကာပူနိုင်ငံအတွက် တိုပါးရိုး မြန်မာကျောင်းကြီးနှင့် ဓာတ်တော်တိုက်ကျောင်း ဆရာတော်တို့မှ တာဝန်ခံ ဖြန်ချိပေးကြသည်။

စာအုပ်တွေ ပုံနှိပ်အပြီး မကြာမီ သီရိလင်္ကာသို့ ပို့သည့် မဂ္ဂဇင်းတွေက သင်္ဘောပေါ်မှာ တစ်လနီးပါးခန့် သောင်တင်နေခဲ့သည်။ စာအုပ်တွေ ရောက်၊ မရောက် ဆိပ်ကမ်းက ရုံးကို မေးရသည်မှာလည်း အမော။ ဒီဇင်ဘာလ ကုန်ပိုင်းလောက်မှသာ မဂ္ဂဇင်းတွေ သီရိလင်္ကာနိုင်ငံသို့ ရောက်လာသည်။ မိမိတို့ ကိုယ်တိုင် ကြိုးစားထားသည့် မဂ္ဂဇင်းကို ကြည့်ကာ ကြည်နူးကြရသည်။ (၂၊ ၁၊ ၂၀၁၀) ရက်နေ့မှာတော့ မကုဋာရာမ မြန်မာကျောင်းတွင် ပထမဆုံးအကြိမ် ထုတ်ဝေသည့် လင်္ကာတမန် မဂ္ဂဇင်းကို မဂ္ဂဇင်းမိတ်ဆက်ပွဲ ပြုလုပ်ကာ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော် အားလုံးတို့ထံ အပ်နှံနိုင်ခဲ့သည်။ သင့်တော်သည့် အချိန်တွင် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ကို ထပ်မံဖွဲ့စည်းကာ ဒုတိယခြေလှမ်း အတွက်လည်း ပြင်ဆင်နိုင်ခဲ့ကြပါသည်။ မဂ္ဂဇင်းမိတ်ဆက်ပွဲတွင် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ကြောင်း ပြောကာ နာယကဆရာတော်များ၊ ကော်မတီဝင်များ၊ အယ်ဒီတာဆရာတော်များ၊ စာမူရှင်များအပြင် ဒါနသီရိလင်္ကာ အသင်းစသည်တို့ကို အမှတ်တရ လက်ဆောင်အဖြစ် လင်္ကာတမန် မဂ္ဂဇင်းတို့ကို ပေးခဲ့ပါသည်။ 

မဂ္ဂဇင်းမိတ်ဆက်ပွဲအပြီး မြန်မာနိုင်ငံအတွက် မဂ္ဂဇင်း ပုံနှိပ်ဖြန့်ဝေရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ အားလုံး စုံစမ်းပြီးလျှင် မြန်မာနိုင်ငံ၌ ပုံနှိပ် ဖြန့်ဝေရေးကို အမြန်ဆုံး အကောင်အထည် ဖော်ရန် ဆုံးဖြတ် ခဲ့ကြပါသည်။ သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓစာပေ လာရောက် ပညာသင်ကြားကြမည့် ညီတော် နောင်တော်တို့ကို သတင်း အချက်အလက် ပေးရန်ဟူသော ရည်ရွယ်ချက်အရ မြန်မာနိုင်ငံတွင် ပုံနှိပ် ဖြန်ဝေရေးသည်လည်း အရေးကြီးပါသည်။ လင်္ကာတမန် မဂ္ဂဇင်းကို မလေးရှား၊ စင်္ကာပူရှိ ရွှေမြန်မာတို့၏ လက်ထဲသို့ အရောက် ပို့နိုင်ခဲ့လေပြီ။ မြန်မာနိုင်ငံအတွင်းမှ ရဟန်းရှင်လူ ပြည်သူတို့ လက်ထဲ ထည့်ရန် လိုပေသေးသည်။ ထိုကိစ္စကိုလည်း ဆွေးနွေးဆုံးဖြတ်ပြီး ဖြစ်၍ မကြာမီ အောင်မြင်မည်မှာ သေချာပါသည်။

သီရိလင်္ကာနိုင်ငံတွင် စာပေ သင်ကြားနေကြသည့် မိမိတို့ကဲ့သို့ စာသင်သား ရဟန်းတော်များ အနေနှင့် မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန် ပထမဆုံး ခြေလှမ်းမှာ ခက်ခဲလှသည်။ ယုံကြည်ချက်ကို အခြေခံကာ စုပေါင်း လုပ်ဆောင်ခဲ့ကြ၍ အောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုချင်သည်။ ပထမဆုံး ခြေလှမ်းဖြစ်၍ အားနည်းချက် အချို့ ရှိခဲ့သည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ ထိုအားနည်းချက်၊ လိုအပ်ချက်များသည် နောင် လှမ်းမည့် ခြေလှမ်းပေါင်း များစွာအတွက် အကောင်းဆုံး သင်ခန်းစာများ ဖြစ်လာပေလိမ့်မည်။ လင်္ကာတမန် မဂ္ဂဇင်းမှ အယ်ဒီတာ့စကားဖြင့် ပြောရလျှင် မိမိတို့ အနေနှင့် အတွေ့အကြုံနှင့် အသိအမြင် မကြွယ်ဝခဲ့သော်လည်း စေတနာ ကြွယ်ဝခဲ့သည်ကိုတော့ သိစေချင်ပါသည်။ မိမိတို့ အနေဖြင့် လင်္ကာတမန်မဂ္ဂဇင်းအတွက် ပထမဆုံး ခြေလှမ်းကိုတော့ ယုံကြည်ချက် အပြည့်ဖြင့် လှမ်းပြီးခဲ့ပါပြီ။ နောက်ထပ် ခြေလှမ်းပေါင်း များစွာ လှမ်းနိုင်ရန် အတွက်လည်း ယုံကြည်ချက် ခိုင်မာမှု၊ စွန့်လွတ် အနင့်နာခံမှု၊ စုပေါင်း လုပ်ဆောင်တတ်မှုတို့အပြင် ရိုးသား ဖြူစင်သည့် စေတနာပါ ပေါင်းစပ်ထည့်ရန် လိုအပ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။

လင်္ကာတမန်မဂ္ဂဇင်း ထွက်ပြီ

သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များ စုစည်း ထုတ်ဝေသည့် လင်္ကာတမန် မဂ္ဂဇင်း ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မကုဋာရာမ မြန်မာကျောင်းတွင် (၂၊ ၁၊ ၂၀၁၀) ရက်၌ ကျင်းပရာ မကုဋာရာမ မြန်မာကျောင်း အလှည့်ကျ နာယက ဆရာတော်များ၊ မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ စာပေဝါသနာရှင် ရဟန်းတော်များ တက်ရောက်ကြသည်။ မိတ်ဆက်ပွဲ အခမ်းအနား၌ ပထမဦးစွာ နာယက ဆရာတော်များ ကိုယ်စား ဦးသူရိယမှ မဂ္ဂဇင်း ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့ကြသည့် မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ကို ချီးကျူးဂုဏ်ပြုကြောင်း၊ နှစ်စဉ်နှစ်တိုင်း သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ ကိုယ်စားပြု မဂ္ဂဇင်းတစ်စောင် ထုတ်ဝေနိုင်အောင် ကြိုးစားကြ စေလိုကြောင်း ပြောကြားသည်။

ထိုနောက် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဩဘာသ (အင်ဒို) မှ မဂ္ဂဇင်း ထုတ်ဝေရခြင်း ဦးတည်ချက်များနှင့် စုပေါင်း လုပ်ဆောင်ခြင်းကြောင့် မဂ္ဂဇင်း ထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်ကြောင်း လျှောက်ထားပြီး နာယကဆရာတော်များ၊ ကော်မတီအဖွဲ့ဝင်များ၊ အယ်ဒီတာ ဆရာတော်များကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ထို့နောက် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးစက္ကပါလမှ လင်္ကာတမန် မဂ္ဂဇင်း မြန်မာနိုင်ငံ၌ ထုတ်ဝေနိုင်ရေး၊ သင့်တော်သည့် အချိန်တွင် မဂ္ဂဇင်း ကော်မတီ ပြန်လည် ဖွဲ့စည်းရေး၊ နှစ်စဉ်နှစ်တိုင်း ထုတ်ဝေနိုင်ရေးစသည့် မဂ္ဂဇင်း၏ ရှေ့အလားအလာနှင့် ပက်သက်၍ ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် အယ်ဒီတာ ဆရာတော်များ ကိုယ်စား ဦးမာနိတမှ စာမူများကို မည်သူ့မျက်နှာကိုမျှ မထောက်ဘဲ ရွေးချယ်ခဲ့ပုံ၊ ပထမအကြိမ် ဖြစ်သည့်အတွက် အားနည်းချက်အချို့ ရှိခဲ့ပုံတို့ကို လျှောက်ထားပြီး လင်္ကာတမန် မဂ္ဂဇင်းကို အကျဉ်းချုပ် မိတ်ဆက်ပေးသည်။ ထိုနောက် ဘဏ္ဍာရေးမှူး ဆရာတော် ဦးဥတ္တမမှ မဂ္ဂဇင်းနှင့် ပက်သက်၍ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းကို ရှင်းလင်း လျှောက်ထားသည်။ ထိုနောက်မှာတော့ တက်ရောက်လာကြသည့် သံဃာတော်များမှ မဂ္ဂဇင်းနှင့် ပက်သက်၍ ဆွေးနွေး အကြံပြုကြပြီး သိလိုသည့် မေးခွန်းတို့ကိုလည်း မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီမှ ပြန်လည် ဖြေကြားခဲ့သည်။ မဂ္ဂဇင်း ဖြစ်မြောက်ရေး ကော်မတီမှ နာယက ဆရာတော်များ၊ ကော်မတီဝင်များ၊ အယ်ဒီတာ ဆရာတော်များ၊ စာမူရှင်များနှင့် ဒါနသီရိလင်္ကာအသင်း တို့ကို အမှတ်တရ လက်ဆောင်အဖြစ် လင်္ကာတမန် မဂ္ဂဇင်းတို့ကို ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

လင်္ကာတမန် မဂ္ဂဇင်းကို ပထမဆုံး အကြိမ် ထုတ်ဝေခြင်း ဖြစ်ပြီး မလေးရှားနိုင်ငံတွင် ပုံနှိပ်ခဲ့သည်။ လောလောဆယ် မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ပထမဦးဆုံး ဖြန့်ချိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း တရားဝင် ထုတ်ဝေနိုင်ရန် စီစဉ်နေကြောင်းလည်း သိရပါသည်။ လင်္ကာတမန် မဂ္ဂဇင်းတွင် ကဗျာကဏ္ဍ၊ ဆောင်းပါးကဏ္ဍ၊ ပေးစာကဏ္ဍ၊ အတွင်းကဗျာကဏ္ဍ၊ တက္ကသိုလ် မိတ်ဆက်ကဏ္ဍ၊ သတင်းမှတ်တမ်းကဏ္ဍ စသည်ဖြင့် ကဏ္ဍစုံ ပါဝင်ပြီး သီရိလင်္ကာနိုင်ငံရှိ နာမည်ကြီး ရှေးဟောင်းဒေသများ၊ အဆောက်အဦးများ၊ သီရိလင်္ကာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာရေး ဓလေ့ထုံးတမ်းများ၊ သီရိလင်္ကာ၌ ဗုဒ္ဓစာပေ လာရောက် ပညာသင်ကြားနေသည့် မြန်မာကျောင်းသား ရဟန်းတော်တို့၏ စာသင်သားဘဝ အတွေ့အကြုံနှင့် ခံစားချက်များ၊ ၎င်းတို့ တက်ရောက်နေသည့် တက္ကသိုလ်များအကြောင်း၊ ထိုတက္ကသိုလ်တို့၏ ပညာရေးစနစ်တို့ကို ဝေဝေဆာဆာ တင်ပြထားသည်။ မြန်မာသုတေသီ ကျောင်းသား ရဟန်းတော်နှစ်ပါး၏ ရှေးဟောင်း မြန်မာစာပေတို့ကို ဘာသာပြန်ထားသည့် English Section ကလည်း လင်္ကာတမန် မဂ္ဂဇင်း၏ ထူးခြားချက်ပင် ဖြစ်သည်။ အင်္ဂလိပ်စာ ကဏ္ဍမှာ မြန်မာ သုတေသီတို့အတွက် သာမက ဗုဒ္ဓစာပေကို စိတ်ဝင်စားကြသည့် နိုင်ငံတကာ သုတေသီတို့အတွက်လည်း အကျိုးရှိမည် ဖြစ်သည်။

လင်္ကာတမန် မဂ္ဂဇင်းကို ကြွေစက္ကူ အကောင်းစားဖြင့် ပုံနှိပ်ထုတ်ဝေထားပြီး စာမျက်နှာ (၂၀၀) ရှိသည်။ မလေးရှားနိုင်ငံရှိ ဓမ္မဝိဟာရ (မြို့လယ်) ကျောင်း၊ ကတ်ပုံးကျောင်း၊ ရတနာရာမကျောင်း၊ မွှားကျောင်း၊ ညောင်ကန်အေးကျောင်း၊ ဓမ္မာရုံကျောင်း၊ ပီနန် ဓမ္မိကာရာမမြန်မာကျောင်းနှင့် ဂျိုဟိုး ညောင်ကန်အေး ကျောင်းတို့တွင် မဂ္ဂဇင်း တစ်အုပ်လျှင် မလေး (၁၅) ရင်းဂစ်ဖြင့်၎င်း၊ စင်္ကာပူနိုင်ငံရှိ စင်္ကာပူမြန်မာကျောင်းကြီး (တိုပါးယိုး)နှင့် ဓာတ်တော်တိုက်ကျောင်းတို့တွင် စင်္ကာပူ (၇) ဒေါ်လာဖြင့်၎င်း၊ သီရိလင်္ကာနိုင်ငံတွင် ရူပီး (၃၀၀) နှုန်းဖြင့်၎င်း ဝယ်ယူ ပူဇော်နိုင်ကြောင်း သိရသည်။