မြန်မာရဟန်းတော်တို့အတွက် ဘာသာစကားနှင့် သမိုင်း

ဆောင်းပါး တစ်ပုဒ်စ နှစ်ပုဒ်စသာ ရေးဖူးသည့် စာရေးသူကို သူငယ်ချင်းက ရန်ကင်းတောင် ဥယျာဉ်စာသင်တိုက် နှစ်နှစ်ဆယ်ပြည့် နှစ်ပတ်လည် စာစောင်အတွက် ဆောင်းပါးတစ်ပုဒ် ရေးပေးရန် တောင်းဆိုလာသည်။ ပြီး စာစောင်အတွက် သူရေးထားသည့် ဆောင်းပါးကိုလည်း ပေးဖတ်ပါသည်။ ဗုဒ္ဓဘာသာ ရဟန်းတော်တို့အတွက် အင်္ဂလိပ်စာမှာ မသင်မဖြစ် ဘာသာရပ်တစ်ခု ဖြစ်လာကြောင်း ရေးသားထားသည်။ တင်ပြချင် သိစေချင်သည့် အကြောင်းအရာကို ရှင်းရှင်းလင်းလင်း တင်ပြနိုင်ပါပေသည်။ သူ့ဆောင်းပါး ဖတ်ပြီး ရေးချင်သည့် အကြောင်းအရာက ခေါင်းထဲ ချက်ချင်း ပေါ်လာ၍ ကောင်း၊ မကောင်း အာမ မခံနိုင်သော်လည်း ရေးပေးမည် ဖြစ်ကြောင်းကိုတော့ အာမဘန္တေ ခံလိုက်သည်။ ရန်ကင်းတောင် ဥယျာဉ်စာသင်တိုက်ကား အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေနှင့် ပြဋ္ဌာန်းထားသည့် စာမေးပွဲကို ဦးစီးကျင်းပပေးနေခြင်းကြောင့် ထင်ရှားသည်။ စာရေးသူတို့ကဲ့သို့ လမ်းသစ်ထွင်ချင်သည့် ရဟန်းငယ်တို့အတွက် အားကျ အတုယူစရာ စံနမူနာပင် ဖြစ်သည်။

၂၀၀၉- ခုနှစ် ဇွန်လက သီရိလင်္ကာနိုင်ငံတွင် ပညာသင်နေကြသည့် မြန်မာရဟန်းတော်တို့အတွက် Debate သင်တန်းတစ်ခု နှစ်ပတ်ကြာ ပြုလုပ်ခဲ့သည်။ ဒီဘိတ် (Debate) ဆိုသည်မှာ အဖြေတစ်ခုရရန် အကြောင်းအရာတစ်ခုကို တစ်ဖက်နှင့်တစ်ဖက် သူနိုင်ကိုယ်နိုင် ဆွေးနွေးငြင်းခုံ အဖြေရှာနည်း ဖြစ်သည်။ စင်္ကာပူနိုင်ငံ ရောက်နေသည့် မြန်မာဒကာမတစ်ဦးမှ လာရောက် သင်တန်းပို့ချပေးခဲ့ပြီး ရဟန်းတော် အပါး သုံးဆယ်ကျော် တက်ရောက်ခဲ့ကြသည်။ ထိုသင်တန်းကာလအတွင်း “ရဟန်းတော်များ အင်္ဂလိပ်စာ သင်သင့်၊ မသင်သင့်” “သက်သတ်လွတ် စားသင့်၊ မစားသင့်” “ပိဋကတ်သုံးပုံကို အာဂုံ ဆောင်သင့်၊ မဆောင်သင့်” စသည့် ခေါင်းစဉ်တို့ဖြင့် လက်တွေ့ ဒီဘိတ်ပွဲများ ပြုလုပ်ခဲ့ကြသည်။

ဒီဘိတ်ထဲက ပညာရေးစနစ်

ထို ဒီဘိတ်ပွဲများအတွင်း စိတ်ဝင်စားစရာ အကောင်းဆုံးနှင့် အားအစိုက်ရဆုံးမှာ “ရဟန်းတော်တို့၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲသင့်သည်” ဟူသော ခေါင်းစဉ်ဖြင့် Policy Debate ပြုလုပ်ခဲ့စဉ်က ဖြစ်သည်။ ပေါ်လစီဒီဘိတ်တို့၏ ထုံးစံအတိုင်း ရဟန်းတော်တို့၏ ပညာရေးစနစ်ကို ပြောင်းလဲရန်အတွက် စနစ်တကျ စီမံကိန်းရေးဆွဲကာ ကိုယ့် Plan ကို တင်ပြကြရသည်။ Affirmative (အဆိုပြု) ဘက်မှ Plan တစ်ခု တင်သွင်းပြီး Negative (ငြင်းဆို) အဖွဲ့မှ ထို Plan ၏ အားနည်းချက်၊ ချို့ယွင်းချက်တို့ကို ထောက်ပြကာ ၎င်းတို့၏ Counter Plan ကိုလည်း တင်သွင်းကြရသည်။ ဤသို့ဖြင့် တစ်ဖက်က တင်သွင်းထားသည့် ပညာရေးစီမံကိန်းကို အခြားတစ်ဖက်က အားနည်းချက်၊ ချို့ယွင်းချက်တို့ကို ထောက်ပြကာ ပိုမိုကောင်းမွန်သော မိမိတို့၏ ပညာရေး အစီအမံတို့ကို တင်ပြကြရသည်။ ဒီဘိတ်တစ်ပွဲလျှင် (Affirmative) အဆိုပြုအဖွဲ့နှင့် (Negative) ငြင်းဆိုအဖွဲ့ဟူ၍ နှစ်ဖွဲ့ အပြန်ပြန် အလှန်လှန် ဆွေးနွေးငြင်းခုံကြရပြီး တစ်ဖွဲ့လျှင် သုံးပါးစီ ပါဝင်သည်။ စာရေးသူတို့အနေနှင့် ဤခေါင်းစဉ်ဖြင့်ပင် ဒီဘိတ်ပွဲ နှစ်ခု ပြုလုပ်ခဲ့ကြသည်။

ရဟန်းတော်တို့၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်၍ ပြုလုပ်ခဲ့သည့် ထိုဒီဘိတ်ပွဲ နှစ်ခုမှ အဆိုပြု၊ ငြင်းဆို အဖွဲ့လေးခုလုံး အချက်နှစ်ချက်ကို အဓိကထား တင်ပြသွားကြသည်။ ထိုအချက်များမှာ (၁) ပြင်ဆင်ရေး (၂) ဖြည့်စွက်ရေးတို့ ဖြစ်သည်။ ပျမ်းမျှအသက် နှစ်ဆယ့်ရှစ်နှစ်အရွယ်သာ ရှိကြဦးမည့် စာရေးသူတို့ကား နှစ်ပေါင်းများစွာ ပြင်ဆင်ဖြည့်စွက်ခြင်း မရှိဘဲ ခရီးနှင်လာခဲ့သည့် ပထမပြန်နှင့် ဓမ္မာစရိယ ပြဋ္ဌာန်းကျမ်းစာတို့ကို မိမိတို့စိတ်တိုင်းကျ ပြင်ဆင်၊ ဖြည့်စွက်ခဲ့ကြသည်။ ပြင်ဆင်ရေးနှင့် ပက်သက်၍ အများစုက ဗုဒ္ဓစာပေ လေ့လာဖို့အတွက် ကြားခံဘာသာတစ်ခုသာ ဖြစ်သည့် သဒ္ဒါကို ဘာသာရပ်တစ်ခုမက အသားပေး ပြဋ္ဌာန်းထားခြင်းကို မေးခွန်းထုတ်ခဲ့ကြပါသည်။ အမှန်အားဖြင့် သဒ္ဒါဆိုသည်မှာ ဘုရားဟော ပိဋကတ်သုံးပုံသို့ ဝင်ရောက်ရာ တံခါးဝ တစ်ခုသာ ဖြစ်ပါသည်။ မိမိတို့မှာ ပိဋကတ်သုံးပုံသို့ ချက်ချင်း မဝင်သေးဘဲ ထိုတံခါးပေါက်ကို ဘက်ပေါင်းစုံမှ သေချာ၊ မသေချာ စိစစ်ရင်း အချိန်တွေ ကုန်ခဲ့ကြသည်။ တံခါးပေါက်ကို စိစစ်အပြီး ပိဋကတ်ပင်လယ်ကို ကူးခတ်တော့မည်ဆိုတော့ လူက ဖတ်ဖတ်မောနေပြီ။

ဘာသာစကားတစ်ခုကို လေ့လာရာတွင် ခေတ်သစ် သင်ကြားရေးစနစ်က (Four Skills) ကျွမ်းကျင်မှု လေးမျိုးကို ဟန်ချက်ညီညီ အသုံးပြုကာ သင်ကြားပေးသည်။ စာဖတ်စွမ်းရည် (Reading Skill)၊ ရေးသားမှုစွမ်းရည် (Writing Skill)၊ နားထောင်မှုစွမ်းရည် (Listening Skill)နှင့် စကားပြောစွမ်းရည် (Speaking Skill)တို့ ဖြစ်ကြသည်။ ထိုလေးမျိုးလုံးမှာ တစ်ခုနှင့် တစ်ခု အမှီသဟဲ ပြုနေကြသည်။ လက်ရှိ ပါဠိဆိုင်ရာ သင်ရိုးညွှန်းတမ်းများအရ စာဖတ်စွမ်းရည် (Reading Skill)အတွက် ပြောစရာ မလိုသော်လည်း ကျန်သည့် စွမ်းရည်များ ချို့ငဲ့နေသည်ကို တွေ့ရသည်။ ပါဠိစာပေ သင်ကြားရာ၌ ထိုကျွမ်းကျင်မှု လေးမျိုးကိုသာ အချိုးညီညီ ပေါင်းစပ်ပေးနိုင်လျှင် မြန်မာရဟန်းတော်တို့၏ ကြိုးစားမှုမျိုးဖြင့် ဗုဒ္ဓစာပေတက်ကျွမ်းမှုမှာ ကမ္ဘာ့အလယ် လက်ခမောင်း ခတ်နိုင်ပါလိမ့်မည်။

အဖွဲ့တစ်ဖွဲ့က သုတ္တန်ပိဋကတ်မှ အဓိကဒေသနာတော်တို့ကို သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း အကြံပြုသည်။ အဖွဲ့တစ်ဖွဲ့က အဘိဓာန်ကို လက်လွတ်ကျက်ခိုင်းသည့် သင်ကြားရေးစနစ်ကို ထောက်ပြသည်။ မှန်ပါသည်။ အဘိဓာန်ကို လက်လွတ်ကျက်ခိုင်းသည့် နိုင်ငံဟူ၍ မြန်မာနိုင်ငံ တစ်နိုင်ငံသာ ရှိပေလိမ့်မယ်။ အဘိဓာန်ဆိုသည်မှာ ကိုယ်သိချင်သည့် စကားလုံးတို့ကို လှန်လှောကြည့်ရုံသာ အသုံးပြုရသည့် ရည်ညွှန်းစာအုပ်ထက် မပို။ အဘိဓာန်စာအုပ်ထဲမှ ဂါထာ ရာပေါင်း များစွာကို ဘာမသိ ညာမသိ အလွတ်ကျက်မှတ်ခဲ့ရသည့် အဖြစ်ကို စဉ်းစားမိတိုင်း မိမိကိုယ်ကို မိမိ ပြန်လည် သနားမိသေးတော့သည်။

လက်ရှိ သင်ကြားရေးစနစ်နှင့် ပက်သက်၍ (၂၀၀၉) ခုနှစ် မတ်လက ကျင်းပခဲ့သည့် သီတဂူ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ ညီလာခံတွင် မြန်မာပါဠိပညာရှင်အချို့ ဆွေးနွေး သွားခဲ့ကြသည်။ (၂၀၀၈) ခုနှစ်က ရန်ကုန် န.ပ.သ တက္ကသိုလ်တွင်လည်း ထိုအကြောင်းကိုပင် ပါဠိပညာရှင် မြန်မာရဟန်းတော်တို့ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ မည်သို့ဆိုစေ ထိုကဲ့သို့သော ဆွေးနွေးပြောဆိုမှုများက အနာဂတ်တွင် ပိုမိုကောင်းမွန်သော ပညာရေးစနစ်သစ်ကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ စာရေးသူသည် ပါဠိပညာရှင်မဟုတ်၊ ပါဠိသဒ္ဒါနှင့် ပက်သက်၍ နက်နက်နဲနဲ သိသူ မဟုတ်သော်လည်း လက်ရှိ ပညာရေးစနစ်မှာ ချို့ယွင်းချက်၊ အားနည်းချက်များ ရှိနေကြောင်းကိုတော့ ကိုယ်တွေ့ဖြစ်၍ ကောင်းကောင်း သိခဲ့ပါသည်။ သို့သော် ဤဆောင်းပါး၌ လက်ရှိပညာရေးစနစ် ပြင်ဆင်ရေးကိစ္စကို ပါဠိပညာရှင်တို့၏ တာဝန်အဖြစ် ချန်ထားခဲ့ပါမည်။ စာရေးသူအနေဖြင့် လိုအပ်နေသည့် ဘာသာရပ်အသစ်များ ဖြည့်စွက်ရေးကိစ္စကိုသာ အဓိကထား ဆွေးနွေးချင်ပါသည်။

ဒီဘိတ်ပွဲမှာ လက်ရှိပညာရေးစနစ်အတွင်း ဘာသာရပ်အသစ်များ ဖြည့်စွက်ရေးနှင့် ပက်သက်၍ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်း၊ သချာၤ၊ ဒဿနိက၊ သိပ္ပံ၊ ပထဝီဝင် စသည် စသည်ဖြင့် မိမိတို့၏ ထင်မြင်ချက်များကို အကြောင်း အမျိုးမျိုးပြကာ ဆွေးနွေးသွားခဲ့ကြသည်။ ဖြည့်စွက်ရေးနှင့် ပက်သက်၍ အဆိုပြု၊ ငြင်းဆို လေးဖွဲ့လုံး တူညီစွာ တင်ပြသွားသည့် ဘာသာရပ်အသစ် သုံးမျိုး ထွက်လာပါသည်။ ထိုသုံးမျိုးမှာ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် သမိုင်းတို့ ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့လျှင် သုံးပါးစီ ဖွဲ့စည်းထားသည်။ သက်ဆိုင်ရာအဖွဲ့မှ အကြောင်းအရာတစ်ခု တင်ပြလိုလျှင် အဖွဲ့ဝင်သုံးပါးလုံး သဘောတူရန် လိုအပ်ပါသည်။ သုံးပါးအဖွဲ့ လေးဖွဲ့လုံးက ကွဲပြားခြားနားသော အကြောင်းပြချက်တို့ဖြင့် ထိုဘာသာရပ်အသစ် သုံးခုကို ယခုလက်ရှိ ပညာရေးစနစ်အတွင်း ထည့်သွင်း ပြဋ္ဌာန်းဖို့ တင်ပြခဲ့ကြသည်။ ဤဆောင်းပါး၌ စာရေးသူအနေဖြင့်် ထိုဘာသာရပ်သုံးခုကိုသာ ဆန်းစစ်ပြလိုခြင်း ဖြစ်သည်။

အင်္ဂလိပ်စာ

မြတ်စွာဘုရားသည် တရားဟောသည့်အခါ မဇ္ဈိမဒေသ၌ လူတန်းစားပေါင်းစုံ ပြောဆိုသည့် ပါဠိဘာသာ (မဂဓ)ကို ရွေးချယ် အသုံးပြုခဲ့သည်။ ပါဠိဘာသာမှာ သူ့မွေးရပ်မြေ၌ ပြောဆိုသည့် ဘာသာစကားမဟုတ်။ သူဟောသည့် တရားတော်တို့ကို သက္ကတဘာသာဖြင့်သာ မှတ်တမ်းတင်ရန် တင်ပြလာသည့် အဆိုကိုလည်း ပယ်ချခဲ့သည်။ သက္ကတဘာသာမှာ ထိုခေတ်က ပညာတတ် အထက်တန်းလွှာသုံး ဘာသာစကားဖြစ်ပြီး သာမန် လူတန်းစားတို့ အလှမ်းမမှီနိုင်သည့် ဘာသာစကားတစ်ခု ဖြစ်သည်။ လူသားတိုင်းကို တရားအမြင် ရစေချင်သည့် မြတ်စွာဘုရားအနေဖြင့် လူအများ အသုံးပြုသည့် ဘာသာစကားတစ်ခုကို ရွေးချယ် အသုံးပြုဖို့ လိုအပ်သည်။ ထို့ကြောင့်လည်း တရားဟောရာ၌ ပါဠိဘာသာကို အဓိကထား အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓတရားတော်တို့ကို ကမ္ဘာအနှံ့ ပြန့်ပွားစေချင်သည့် မိမိတို့အနေဖြင့် ပညာရှင်များသာ အသုံးပြုနိုင်ပြီး Dead Language ဖြစ်နေသည့် ပါဠိဘာသာဖြင့် ဖြန့်ဝေကြမည်လား။ မိမိတို့၏ ကိုယ်ပိုင်စကားဖြစ်သည့် မြန်မာ ဘာသာဖြင့် ဖြန့်ဝေကြမည်လား။ မဖြစ်နိုင်ပါ။ ထိုသို့ဖြစ်လျှင် ဗုဒ္ဓတရားတော်တို့ကို ကမ္ဘာပြန့်အောင်လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ မြတ်စွာဘုရား၏ လမ်းစဉ်ကို လိုက်ရန်ဖြစ်သည်။ မြတ်စွာဘုရားသည် သူရှာဖွေ တွေ့ရှိထားသည့် အမြိုက်တရားကို ဖြန့်ဝေရန် ထိုခေတ်ထိုကာလက လူအများစု ပြောဆိုသည့် ပါဠိဘာသာကို ကြားခံ ဘာသာစကားအဖြစ် အသုံးပြုခဲ့သည်။ ထို့အတူ စာရေးသူတို့လည်း မိမိတို့ ခေတ်တွင် လူအများစု အသုံးပြုနေသည့် ဘာသာစကားကို ပြောဆိုကာ ဗုဒ္ဓတရားတော်တို့ကို ဖြန့်ဝေရမည် ဖြစ်သည်။ နိုင်ငံတကာသုံး၊ အင်တာနက်သုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာမှာ ကမ္ဘာသုံး၊ အများသုံး ဖြစ်နေသည်မှာ ထင်ရှားသည်။ ထိုသို့ဆိုလျှင် ရဟန်းတော်တို့အနေဖြင့် အင်္ဂလိပ်စာကို မဖြစ်မနေ သင်ရတော့မည် ဖြစ်သည်။ မိမိ ပြောချင်နေသည့် ထိုအကြောင်းအရာများကို သူငယ်ချင်းက သူ့ဆောင်းပါးမှာ ပါအောင် ပြောသွားခဲ့ပြီးဖြစ်၍ စာရေးသူအနေဖြင့် အကျယ်တဝင့် ရေးရန် မလိုတော့ပါ။

မြန်မာစာ

နောက်တစ်ခု… မြန်မာစာ။ ၁၉၈၀ ပြည့်နှစ် စနစ်သစ် ပရိယတ္တိပညာရေးစီမံကိန်းအရ ရဟန်းတော်တို့၏ ပညာရေးအတွက် ပရိယတ္တိပညာရေးမူလေးချက် ချမှတ်ခဲ့ရာ ရဟန်းတော်များ မြန်မာစာပေ အရေးအသား တော်စေရေးဟူသော မူတစ်ချက် ပါဝင်ခဲ့သည်။ ထိုစနစ်သစ်ပညာရေးစီမံကိန်းအရ မူ၊ငယ်၊လတ်၊ကြီးဟူသော ပထမပြန်စာမေးပွဲများအတွက် မြန်မာစာကို ဘာသာရပ်တစ်ခုအနေဖြင့် ပြဋ္ဌာန်းပေးခဲ့သည်။ မြန်မာစာဘာသာရပ်၌ အရှင်မဟာရဋ္ဌသာရ၊ စဉ့်ပါဆရာတော်၊ လယ်တီဆရာတော်၊ မန်လည်ဆရာတော်စသည့် ရဟန်းပညာရှင်တို့၏ ပျို့ကဗျာတို့ကို မြည်းစမ်းခွင့် ရသည့်အပြင် မင်းဘူးဆရာတော် ဦးဩဘာသ၊ ကျီးသဲလေးထပ်ဆရာတော်တို့၏ မြန်မာစကားပြေ အရေးအသားတို့ကိုလည်း လေ့လာအကဲခတ်ခွင့် ရခဲ့သည်။ မြန်မာစာလုံးပေါင်း သတ်ပုံ၊ ခက်ဆစ်၊ ဝါကျစီ၊ စာစီစာကုံးစသည့် မြန်မာစာ အရေးအသားတော်စေမည့် သင်ခန်းစာများလည်း ပါဝင်ခဲ့သည်။ ပထမပြန်အတန်းများတွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာစာဘာသာမှာ ပြည့်စုံလုံလောက်မှု မရှိခဲ့သော်လည်း မြန်မာစာပေကို ဆက်လက်လေ့လာရန် လမ်းစ ဖော်ပေးနိုင်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မှစ၍ မြန်မာစာအစား ဇာတကဘာသာရပ်ကို အစားထိုးလိုက်သည်။ လူပုဂ္ဂိုလ်တို့အနေနှင့် သူငယ်တန်းမှစ၍ ဒေါက်တာဘွဲ့အထိ မြန်မာစာကို ဘာသာရပ်တစ်ခုအနေဖြင့် သင်နေကြချိန်တွင် ရဟန်းတော်တို့အတွက် အဘယ့်ကြောင့် မြန်မာစာကို ဖြုတ်ပယ်ခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။ စာရေးသူသည် ၁၉၉၈ ခုနှစ်တွင် ပထမကြီးတန်း အောင်မြင်ခဲ့သည်။ မြန်မာစာကို မူ၊ငယ်၊လတ်၊ကြီး လေးတန်းလုံး၌ သင်ကြားခွင့် ရခဲ့သူတစ်ယောက်အနေဖြင့် ကံကောင်းခဲ့သည်။ ထိုအတွက်လည်း မိမိကိုယ်ကို မိမိ အမြဲဂုဏ်ယူလေ့ရှိပါသည်။

မြန်မာစာအကြောင်း စဉ်းစားလေတိုင်း ဆယ်တန်းကျောင်းသူတစ်ယောက်ကို ရည်းစားစာ ပေးခဲ့သည့် ကိုရင်ကြီးအကြောင်းက ခေါင်းထဲ အမြဲ ဝင်လာတတ်သည်။ စာရေးသူအသိ ထိုကိုရင်ကြီးမှာ မြန်မာစာမပါသည့် သင်ရိုးညွှန်းတမ်းဖြင့် အကြီးတန်း အောင်မြင်ခဲ့သူဖြစ်၍ မြန်မာစာကို တသီးတသန့် သင်ကြားခွင့် မရခဲ့ပါ။ လူငယ်တို့၏ ဘာသာဘာဝအတိုင်း ဇာတိရွာက ဆယ်တန်းကျောင်းသူ အပျိုချောတစ်ယောက်ကို ချစ်ကြိုက်နေခဲ့သည်။ ပါးစပ်က ဖွင့်မပြောရဲသူဆိုတော့ စာလွှာဖြင့် ချစ်ခွင့်ပန်သည်။ မိန်းကလေးက သူ့ပေးသည့်စာကို ယူသွားပါသည်။ ကိုရင်ကြီးကား မျှော်လင့်ချက် အပြည့်ဖြင့် စောင့်စားရင်း ပျော်ရွင်နေခဲ့သည်။ ဆယ်တန်းကျောင်းသူ မိန်းကလေးကား ရက်စက်လှသည်။ နောက်တစ်နေ့မနက် ကိုရင်ကြီး ပေးခဲ့သည့် ရည်းစားစာကို လူအများ မြင်အောင် လူတကာ ရေလာခတ်သည့် ရေတွင်းမှာ သွားကပ်ထားလိုက်သည်။ ပိုဆိုးသည်ကား ကိုရင်ကြီးစာထဲမှ သတ်ပုံအမှားများအောက်မှာ မှင်နီတားပြီး “သတ်ပုံမှန်အောင် ကြိုးစားပါဦး” ဟု ရေးထားခြင်း ဖြစ်သည်။

မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ရဟန်းတော်အချို့၏ အတွေးထက်ထက် ဘာသာရေးဆောင်းပါးတို့ကို ဖတ်ရှုရတော့ သူတို့ကို ဂုဏ်ယူအားကျစိတ် ဖြစ်မိသည်။ ထိုရဟန်းတော်တို့၏ နောက်ကြောင်း အတ္ထုပ္ပတ္တိကို စူးစမ်းကြည့်သောအခါ နိုင်ငံတော်ပရိယတ္တိသာသာနာ့တက္ကသိုလ်ထွက်များ ဖြစ်နေကြောင်း သိရသည်။ အင်တာနက် စာမျက်နှာများပေါ်မှ လူအဖတ်များပြီး အရေးအသား ကောင်းမွန်သည့် ရဟန်းတော်တို့၏ ဝက်ဆိုက်တို့ကို လည်ပတ်သည့်အခါတိုင်း ထိုဆိုက်ဖန်တီးရှင်တို့၏ ကောက်ကြောင်းကို ခြေရာခံကြည့်မိသည်။ ထိုသူတို့မှာ များသောအားဖြင့် သာသနာ့တက္ကသိုလ်ထွက်များ ဖြစ်နေပါသည်။ အကြောင်းကို ရှာကြည့်သော အခါ ထိုအရှင်တို့မှာ တက္ကသိုလ်တက်စဉ် လေးနှစ်လုံး မြန်မာစာနှင့် မြန်မာစာပေ (Myanmar Language and literature)ကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားခဲ့ရသည့်အပြင် ဘွဲ့ရရန်အတွက် မြန်မာစာဖြင့် ကျမ်းတစ်ဆောင်၊ ပေတစ်ဖွဲ့ ရေးခဲ့ရသောကြောင့် ဖြစ်ပါသည်။ ပထမပြန်အတန်းများတွင်သာ မြန်မာစာကို အခြေခံသဘောမျိုး သင်ခဲ့ရပြီး မြန်မာစာမပါသည့် အစိုးရဓမ္မာစရိယတန်းကို ကြိုးစားပမ်းစား ဖြေဆိုခဲ့ရသည့် စာရေးသူတို့အနေနှင့် တကယ်တမ်း လုပ်ငန်းခွင် ဝင်ကြသောအခါ သာသနာ့တက္ကသိုလ်ထွက်များထက် ခြေတစ်လှမ်း နောက်ကျ ကျန်နေခဲ့ပါသည်။ မြန်မာစာမပါသည့် သင်ရိုးညွှန်းတမ်းကို သင်ခဲ့ရသည့် ရဟန်းတော်တို့အတွက်ကား မြန်မာစာပေနှင့် ပက်သက်၍ ခြေလှမ်းပေါင်းများစွာ နောက်ကျကျန်ခဲ့မှာ သေချာလှသည်။

မြန်မာစာသည် မြန်မာတို့အတွက် မိခင်ဘာသာစကား ဖြစ်သည်။ ကိုယ့်မိခင် ဘာသာစကားကို ကျွမ်းကျင်မှု မရှိလျှင် ပါဠိ၊ အင်္ဂလိပ်၊ တရုတ်စသည့် ဘာသန္တရစာပေကို လေ့လာရာ၌ အပြည့်အဝ နားလည်နိုင်၊ ခံစားနိုင်မည် မဟုတ်။ မိခင်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်လျှင် အခြားဘာသာစကားတစ်ခုကို သင်ကြားရာ၌ ငါးဆယ်ရာခိုင်နှုန်း အထောက်အကူပြုသည်ဟုပင် ဘာသာဗေဒပညာရှင်အချို့က ဆိုသည်။ ရဟန်းတော်တို့အနေဖြင့် ကိုယ်သင်ကြားခဲ့သည့် ပါဠိစာပေထဲမှ မြတ်ဗုဒ္ဓ၏ ဓမ္မတို့ကို မြန်မာလူမျိုးတို့အား ပြန်လည်ဖြန့်ဝေရာ၌ မြန်မာစာကို အသုံးပြုရမည်ဖြစ်သည်။ မြန်မာစာ ညံ့လျှင် အဓိပ္ပါယ်လေးနက်သည့် ပါဠိစာပေကို မြန်မာစကားဖြင့် လည်လည်ဝယ်ဝယ် ရှင်းပြနိုင်မည် မဟုတ်ပါ။ ဗုဒ္ဓတရားတော်တို့ကို မြန်မာစာဖြင့် ရှင်းရှင်းလင်းလင်း ရေးသားရန်မှာ သာ၍ပင် ခတ်ပါလိမ့်မည်။ မြန်မာရဟန်းတော်တို့အနေနှင့် (၁၇) ရာစုခန့်တွင်မှ ခက်ခဲနက်နဲသည့် အဘိဓမ္မာဆိုင်ရာ ဗုဒ္ဓကျမ်းစာအားလုံးကို မြန်မာဘာသာသို့ ပြန်ဆိုနိုင်ခဲ့ကြသည်။ ထိုသို့ ခက်ခဲနက်နဲသည့် အဘိဓမ္မာကျမ်းစာတို့ကို မြန်မာဘာသာ သက်သက်ဖြင့် ပြန်ဆိုနိုင်ခဲ့ခြင်းကိုပင် မြန်မာစာပေ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမှု၏ သင်္ကေတအဖြစ် ပညာရှင်အချို့က မှတ်ချက်ပေးခဲ့ကြသည်။

ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်စေရန် ရဟန်းတော်များနှင့် လူပြန်တော်များမှ အဓိက ဦးဆောင်ခဲ့ကြသည်။ ခေတ်အဆက်ဆက် ပြုစုခဲ့ကြသည့် မြန်မာစာပေနှင့် ပက်သက်သမျှ ပျို့၊ ကဗျာ၊ လင်္ကာနှင့် စကားပြေတို့၏ လက်ရာရှင်တို့ကို ကြည့်လိုက်သည့်အခါ ရဟန်းတော်များနှင့် လူပြန်တော်များ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာစာပေကို ရဟန်းတော်တို့က ဦးဆောင်ခဲ့သည့်အတွက် ရေးသားခဲ့သမျှ စာပေတို့မှာလည်း သူတစ်ပါးကျေးဇူး သိတတ်မှု၊ ငဲ့ငြာထောက်ထားမှု၊ မေတ္တာကရုဏာ၊ ဘဝလွတ်မြောက်မှုစသည့် ဗုဒ္ဓဘာသာ၏ အငွေ့အသက်တို့ ထုံမွမ်းနေခဲ့သည်။ ယခုတော့ ထိုသို့ မဟုတ်ပြီ။ အင်္ဂလိပ်ခေတ်မှစ၍ ယနေ့အချိန်အထိ ရဟန်းတော်တို့၏ မြန်မာစာပေ ကျွမ်းကျင်မှုနှင့် စာပေရေးသားမှု လျှော့နည်းသွားခဲ့ပါသည်။ ဗုဒ္ဓတရားတော်တို့ုကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည့် ရဟန်းတော်တို့အနေဖြင့် ဗုဒ္ဓတရားတော်တို့ကို ခေတ်အမြင်၊ ခေတ်အတွေးဖြင့် အများပြည်သူ သိရှိရန် မြန်မာစာဖြင့် ရေးသား ချပြရမည် ဖြစ်သည်။ ထိုသို့ချပြရန် မြန်မာစာ ကျွမ်းကျင်ဖို့ လိုအပ်ပါသည်။ ပါဠိစာပေ ကျွမ်းကျင်သည့် ရဟန်းတော်တို့အနေဖြင့် ပါဠိဝေါဟာရများ၊ ပါဠိသက်ဝေါဟာရများ၊ ဗုဒ္ဓစာပေ အတွေးအခေါ်များ လွမ်းမိုးနေသည့် မြန်မာစာပေကို ဦးဆောင်ရန် သင့်လှသည်။ ထိုသို့ ဦးဆောင်သူ ဖြစ်ရန်မှာ ပထမအဆင့်အနေဖြင့် ရဟန်းတော်တို့၏ ပညာရေးစနစ်အတွင်း မြန်မာစာကို ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်း ပြဋ္ဌာန်းရပေလိမ့်မည်။

သမိုင်း

စာရေးသူ အံ့ဩမဆုံး ဖြစ်မိသောအရာကား ပါဠိပထမပြန်နှင့် အစိုးရဓမ္မာစရိယ ပြဋ္ဌာန်းကျမ်းစာတို့တွင် သမိုင်းဘာသာရပ် မပါခြင်း ဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် အတိတ်ကာလက ဖြစ်ပျက်ခဲ့သမျှထဲမှ သင်ခန်းစာယူရန်နှင့် အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်ရန် သမိုင်းကို လေ့လာဖို့ လိုအပ်ပါသည်။ သမိုင်းကို မသိသောသူမှာ လူအတစ်ယောက်နှင့် ခြားမည်မဟုတ်ကြောင်း သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်းက ဆိုခဲ့သည်။ ဗုဒ္ဓသာသနာ့သမိုင်း၊ အခြားဘာသာကြီးတို့၏ သမိုင်းဇစ်မြစ်ကို ဂဃနဏ မသိသော ရဟန်းတော်တို့မှာ ဘာသာခြားများနှင့် ပြောဆိုဆွေးနွေးသောအခါ အအတစ်ယောက်ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ဗုဒ္ဓဘာသာ၏ အနေအထားကိုလည်း မှန်မှန်ကန်ကန် အကဲဖြတ်နိုင်မည် မဟုတ်ပါ။ ရဟန်းတော်တို့အနေဖြင့် မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းတို့ကိုလည်း လေ့လာသင့်လှသည်။ သို့မှသာ မိမိတို့ ကျင်လည်နေသည့် ခေတ်ကာလနှင့် လိုက်လျောညီထွေ စဉ်းစားနိုင်၊ ဝေဖန်ပိုင်းခြားနိုင်၊ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ မိမိတို့အနေဖြင့် ယခုလို အိုင်တီခေတ်ကြီးမှာ အရှင်မဟာဗုဒ္ဓဃောသခေတ်က အတွေးအခေါ် အယူအဆနှင့် လုပ်နည်းလုပ်ဟန် အားလုံးကို ထပ်တူ ကူးနေချလျှင် ရူးနှမ်းရာ ကျပေလိမ့်မည်။

ဓမ္မစက္ကပဝတ္တနသုတ္တန်၊ အနတ္တလက္ခဏသုတ္တန်၊ ဗြဟ္မဇာလသုတ္တန် စသည့် မြတ်စွာဘုရား ဟောကြားခဲ့သည့် ဒေသနာတော်တို့ကို သမိုင်းအမြင်မပါဘဲ လေ့လာလျှင် အပြည့်အဝ နားလည် သဘောပေါက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တက္ကသိုလ်ပညာရေးစနစ်များ၌ ဗုဒ္ဓစာပေကို လေ့လာသည့်အခါ ထိုခေတ်ကာလက အိန္ဒိယနောက်ခံ သမိုင်းနှင့် တွဲဖတ်လေ့လာကြခြင်း ဖြစ်သည်။ ပါဠိပိဋကတ်ထဲမှ မြတ်စွာဘုရား၏ ဘဝဖြစ်တော်စဉ်များမှာ ပြည့်စုံမှုမရှိ။ ဟိုတစ သည်တစ ပြန့်ကြဲနေသည်။ ဘုရားကိုယ်တိုင် ပြောပြခဲ့သည့် သူ့အကြောင်း သုတ္တန်အချို့နှင့် သူဟောသည့် တရားတော်တို့ကို လေ့လာ အကဲဖြတ်ပြီး ဗုဒ္ဓဝင်ကို ပုံဖော်ယူကြရခြင်း ဖြစ်သည်။ ထို့အပြင် မြတ်စွာဘုရား၏ အနီးစပ်ဆုံး ဘဝပုံရိပ်နှင့် လုပ်ဆောင်ချက်တို့ကို ပိုမို သိရှိနိုင်ရန် ဘီစီခြောက်ရာစု အိန္ဒိယနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းကို လေ့လာဖို့ လိုအပ်ပါသည်။ ထိုမှသာ မြတ်စွာဘုရားကို အကြောက်တရားကို အခြေခံသည့် တန်ခိုးရှင်ကိုးကွယ်မှုကို ဖယ်ရှားပေးခဲ့သူ၊ အိန္ဒိယ လူ့အဖွဲ့အစည်းအတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် လူလူချင်း ဇာတ်ခွဲခြားမှုစနစ်ကို တွန်လှန်တိုက်ဖျက်ခဲ့သူ၊ ဘိက္ခုနီသာသနာကို စတင်တည်ထောင်ခြင်းအားဖြင့် အဖိနှိပ်ခံ အမျိုးသမီးတို့၏ အခွင့်အရေးကို မြှင့်တင်ပေးခဲ့သူ စသည်ဖြင့် ပိုမိုနားလည် ကြည်ညိုနိုင်မည် ဖြစ်သည်။

စာရေးသူအနေဖြင့် ပထမပြန်နှင့် အစိုးရဓမ္မာစရိယ ကျောင်းသင်ခန်းစာထဲမှာ သမိုင်းဘာသာရပ်ကို သင်ကြားခွင့် မရခဲ့သော်လည်း ဗုဒ္ဓဘာသာသမိုင်း၊ အခြားဘာသာကြီးတို့၏ သမိုင်း၊ မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းတို့ကို လက်လှမ်းမှီသမျှ ဖတ်ရှုခဲ့ပါသည်။ အကျိုးဆက်အဖြစ် အကြောင်းအရာတစ်ခုကို ဘက်ပေါင်းစုံမှ ဝေဖန်သုံးသပ်နိုင်သည့်အပြင် နယ်ပယ်စုံမှ မည့်သည့်ပုဂ္ဂိုလ်မျိုးနှင့်မဆို အဆင်တပြေ ပြောဆို ဆွေးနွေးနိုင်ခဲ့သည်။ သမိုင်းကို ကြေညက်အောင် ဖတ်ရှု့ထားသူ တစ်ယောက်အတွက် အရာရာတိုင်းက အပေါ်မှ မိုးကြည့်ရသကဲ့သို့ ထင်ရှား ပြတ်သားနေပါလိမ့်မည်။ သမိုင်းထဲမှာ ပျော်ရွင်စရာ၊ အားတက်စရာတွေ ရှိသည်။ စိတ်အားငယ်စရာ၊ သင်ခန်းစာ ယူစရာတွေလည်း ပါလိမ့်မည်။ သမိုင်းကို သင်ယူခြင်းအတွက် အကောင်းဆုံး အကျိုးရလဒ်မှာ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်ပြီး သမိုင်းစဉ်တွင် အခန့်သင့် နေရာယူနိုင်ခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓစာပေ သင်ကြားရေးတွင် နာမည်ကြီးသည့် သီရိလင်္ကာနိုင်ငံ ကေလနီယတက္ကသိုလ်မှာ ပညာသင်ကြားခဲ့သူ တစ်ယောက်အနေနှင့် တက္ကသိုလ်က ပြဋ္ဌာန်းထားသည့် ဘာသာရပ်တို့ကို ဂရုတစိုက် လေ့လာဖြစ်ခဲ့သည်။ စာရေးသူတို့ တက်ရောက်ခဲ့သည့် ၂၀၀၈-ခုနှစ် M.A တန်းမှာ ဘာသာရပ် ဆယ့်သုံးခု သင်ကြားပေးသည်။ ထိုအထဲမှ ကျောင်းသားတစ်ယောက် အနေဖြင့် ခြောက်ဘာသာ သင်ယူရပါသည်။ သုံးဘာသာကို မယူမနေရဘာသာ (Compulsory Subject) အဖြစ် သက်မှတ်ထားပြီး ကျန်သုံးဘာသာကိုတော့ မိမိကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်သည်။ တက္ကသိုလ်မှ သင်ကြားပေးသည့် ဘာသာရပ် အားလုံးနီးပါး သမိုင်းနှင့် မကင်းသည်ကို တွေ့ရသည်။ ထိုအထဲမှ မဖြစ်မနေ ဘာသာရပ်တစ်ခုအဖြစ် သင်ရသည့် (Theravada Tradition: A Historical and Doctrinal Study)မှာ စာရေးသူ အနှစ်သက်ဆုံး ဘာသာရပ်တစ်ခု ဖြစ်ခဲ့သည်။ ထိုဘာသာရပ်က ထေရဝါဒစတင် ဖြစ်ပေါ်လာပုံ၊ ထေရဝါဒပိဋကတ်၊ မဟာဝိဟာရနှင့် အရှင်မဟာဗုဒ္ဓဃောသတို့၏ အခန်းကဏ္ဍ၊ ထေရဝါဒဗုဒ္ဓဘာသာနှင့် ပါဠိ၊ နောက်ပေါ်ကျမ်းများဖြစ်သည့် ပေဋကောပဒေသ၊ နေတ္တိပ္ပကရဏနှင့် မိလိန္ဒပဥှာစစ်တမ်း၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါး၊ နိဗ္ဗာန်စသည့် ထေရဝါဒဗုဒ္ဓဘာသာ၏ အစဉ်အလာ၊ စံတို့ကို ပိဋကတ်ကျမ်းစာ အကိုးအကားများအပြင် သမိုင်းအမြင်ဖြင့်ပါ ချည်းကပ် သင်ကြားပေးသောကြောင့် အသိသစ်၊ အတွေးသစ်တို့ တိုးခဲ့ရသည်။ ထိုနှစ်က တက္ကသိုလ်မှ သင်ကြားပေးသည့် ဘာသာရပ်တို့ကို လေ့လာအပြီး သမိုင်းကို ဘာသာရပ်တစ်ခုအနေနှင့် အလေးထား သင်ကြားသင့်ကြောင်း ပိုပြီး နားလည်လာခဲ့ပါသည်။

မြန်မာရဟန်းတော်အများစု တက်ရောက် ပညာသင်ကြားနေသည့် ကေလနီယတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများကား တစ်နှစ်နှင့် တစ်နှစ် ပုံစံမတူ။ ၂၀၀၉-ခုနှစ် သင်ရိုးညွှန်းတမ်းမှာ စာရေးသူ တက်ရောက်ခဲ့သည့် ၂၀၀၈-ခုနှစ်က ဘာသာရပ်အချို့ကို ဖြုတ်ပြီး ဘာသာရပ်အသစ်တို့ဖြင့် အစားထိုးခဲ့သည်။ မေဂျာရွေးချယ်မှု ပုံစံကိုလည်း ပြင်ဆင် သက်မှတ်ထားပါသည်။ ၂၀၁၀ အတွက်လည်း သင်ရိုးညွှန်းတမ်း အနည်းငယ် ပြောင်းလဲထားတာ သတိထားမိသည်။ ထိုသို့ လိုအပ်သလို ပြောင်းလွယ်ပြင်လွယ်ရှိခြင်းသည်ပင် ဤတက္ကသိုလ်၏ အောင်မြင်မှုအတွက် လျှို့ဝှက်ချက်တစ်ခုအဖြစ် ကောက်ချက်ချမိသည်။ “လောကကြီးက အပြောင်းအလဲကို မုန်းတီးတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲကပဲ တိုးတက်မှုကို ယူဆောင်လာတယ်” Charles Ketterring ဆိုသည့် အမေရိကန် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး ပြောခဲ့သောစကား…။ မြန်မာရဟန်းတော်တို့၏ ပညာရေးစနစ်ကို စဉ်းစားမိတိုင်း နာမည်ကျော် လုပ်ငန်းရှင်ကြီး ပြောခဲ့သည့် ထိုစကားလေးကို အမြဲ ကြားယောင်မိသည်။ အပြောင်းအလဲဟုဆိုသော်လည်း ပြောင်းလဲတိုင်း ကောင်းမည်တော့ မဟုတ်။ သို့သော် ခေတ်၊ စနစ်နှင့် လိုက်လျှောညီထွေရှိမည့် လိုအပ်သော အပြောင်းအလဲကိုတော့ ရဲရဲဝံ့ဝံ့ ပြုလုပ်ရမည်။ သို့မှသာ ထိုအပြောင်းအလဲများမှ တဆင့် တိုးတက်မှုကို မြင်တွေ့နိုင်မည် ဖြစ်သည်။