ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ

လူအများ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းတစ်ခုကို ဆွေးနွေးချင်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ဘာကွာပါသလဲ? အကြောင်းအရာများကို မှန်ကန်သည့် ရှု့ဒေါင့်မှ ကြည့်မြင် သုံးသပ်နိုင် ရန်အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းအစကို ပြန်လှန်ရပါမည်။ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ အစနှင့် စည်ပင်ပြန့်ပွားလာမှုကို ခြေရာခံရပါမည်။

ဘီစီ ခြောက်ရာစုတွင် ဗုဒ္ဓမြတ်စွာ မွေးဖွားတော်မူခဲ့သည်။ မြတ်စွာဘုရားသည် သက်တော် ဆုံးဆယ့်ငါးနှစ်အရွယ် ဘုရားဖြစ်တော်မူချိန်မှ သက်တော် ရှစ်ဆယ်အရွယ် ပရိနိဗ္ဗာန်စံတော်မူချိန်အထိ တရားဒေသနာ ဟောကြားခြင်းဖြင့်သာ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ လူ့သမိုင်းတွင် လုံးလဝီရိယအား အကြီးဆုံးပုဂ္ဂိုလ်ဟု ဆိုနိုင်ပါသည်။ လေးဆယ့်ငါးနှစ်ပတ်လုံး တစ်နေ့လျှင် နှစ်နာရီခန့်သာ အိပ်စက် အနားယူကာ နေ့ရောညပါ တရားဟောကြားခဲ့သည်။

မြတ်စွာဘုရားသည် မင်း၊ မင်းညီမင်းသား၊ ပုဏ္ဏား၊ သူကြွယ်၊ လယ်သမား၊ သူတောင်းစား၊ ပညာရှိစသည်ဖြင့် လူတန်းစားပေါင်းစုံနှင့် စကားပြောခဲ့၊ တရားဟောခဲ့သည်။ သူဟောသည့် တရားတော်တို့မှာ နာကြားသူ ပရိသက်၏ အတွေ့အကြုံ၊ နားလည်နိုင်မှုစွမ်းအား၊ စိတ်နေသဘောထားတို့နှင့် အံဝင်ခွင်ကျ ဖြစ်သည်ချည်းသာ။ သူဟောသည့် တရားတော်တို့ကို “ဗုဒ္ဓဝစန” “ဘုရားစကားတော်” ဟု ခေါ်ဆိုခဲ့၊ သုံးနှုံးခဲ့ပါသည်။ ထိုအချိန်က ထေရဝါဒ (သို့မဟုတ်) မဟာယာနဟု ခေါ်ဆိုသုံးနှုံးခြင်း မရှိခဲ့ပါ။

မြတ်စွာဘုရားသည် ဘိက္ခုသာသနာနှင့် ဘိက္ခုနီသာသနာနှစ်ရပ်ကို တည်ထောင်တော်မူပြီးနောက် ထိုသာသနာတော် နှစ်ရပ်လုံးကို ထိန်းကျောင်းနိုင်ရန် "ဝိနယ"ဟု ခေါ်ဆိုသည့် စည်းမျည်းစည်းကမ်းတို့ကို ချမှတ်တော်မူခဲ့သည်။ ကြွင်းကျန်သည့် မြတ်စွာဘုရား၏ တရားတော်မှန်သမျှကိုပင် "ဓမ္မ" ဟု ခေါ်ဆိုရပါသည်။ ထိုဓမ္မတွင် ရဟန်းတော်များ၊ ရဟန်းမများ၊ ဥပသကာ၊ ဥပသိကာများအား ဟောကြားခဲ့သည့် တရားတော် အားလုံး ပါဝင်သည်။

ပထမသင်္ဂါယနာ


မြတ်စွာဘုရားပရိနိဗ္ဗာန်စံအပြီး သုံးလအကြာ ဘုရားရှင်၏ တပည့်သာဝကကြီးများသည် ရာဇင်္ဂြိုလ်ပြည်တွင် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အများက လေးစားကြည်ညိုကြသည့် အရှင်မဟာကဿပမှ သင်္ဂါယနာကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ဓမ္မနှင့်ဝိနယဟူသော နယ်ပယ်နှစ်ခုကို အထူးပြု လေ့လာခဲ့ပြီး အာဂုံဆောင်သူ အာဂပုဂ္ဂိုလ်ကျော် နှစ်ပါးလည်း တက်ရောက်ခဲ့သည်။ တစ်ပါးမှာ နှစ်ဆယ့်ငါးနှစ်လုံးလုံး ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်တို့ကို အနီးကပ် ပြုစုခဲ့သူ၊ ဘုရားရှင်နှင့် အနီးဆုံးနေရာတွင် နေထိုင်ခဲ့သူ အရှင်အာနန္ဒာဖြစ်သည်။ အံဖွယ် မှတ်ဉာဏ်ရှင် အရှင်အာနန္ဒာမှာ မြတ်စွာဘုရား ဟောကြားခဲ့သမျှ တရားတော်တို့ကို အာဂုံဆောင်နိုင်သူ ဖြစ်သည်။ အခြား အာဂပုဂ္ဂိုလ်တစ်ဦးမှာ ဝိနည်း ပညက်တော်အားလုံးကို မှတ်မိသူ အရှင်ဥပါလိပင် ဖြစ်သည်။

ပထမသင်္ဂါယနာတွင် ဓမ္မနှင့်ဝိနယဟူသော ကဏ္ဍကြီးနှစ်ခုသာ ရွက်ဆို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဓမ္မနှင့် ပက်သက်၍ ကွဲပြားခြားနားသည့် အမြင်မရှိခဲ့သော်လည်း (အဘိဓမ္မာအကြောင်း မဖော်ပြခဲ့) ဝိနည်းနှင့် ပက်သက်၍မူ ဆွေးနွေးစရာအချို့ ရှိခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် ဘုရားရှင်သည် အရှင်အာနန္ဒာအား “သံဃာက အလိုရှိခဲ့ပါမူ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် (သိက္ခာပုဒ် အသေးစား) တို့ကို ဖြုတ်ပယ်နိုင်ကြောင်း” မိန့်တော်မူခဲ့သည်။ ထိုစဉ်က မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန် စံတော်မူခါနီးဖြစ်၍ အရှင်အာနန္ဒာ၏ရင်တွင် သောကတို့ဖြင့် ပြည့်လျှမ်းနေခဲ့သည်။ ထို့ကြောင့် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ အဘယ်သိက္ခာပုဒ်တို့ဖြစ်ကြောင်း မြတ်စွာဘုရားကို မေးမြန်းရန် မေ့လျော့နေခဲ့သည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့နှင့် ပက်သက်၍ သင်္ဂါယနာတင် မထေရ်တို့အကြား သဘောမတူနိုင်ဘဲရှိရာ အရှင်မဟာကဿ မထေရ်မြတ်ကြီးက ဘုရားပညက်ခဲ့သည့် သိက္ခာပုဒ်တို့ကို ပြင်ဆင်ခြင်း မပြုရန်နှင့် သိက္ခာပုဒ် အသစ်တို့ကိုလည်း ဖြည့်စွက်ထည့်သွင်းခြင်း မပြုရန် နောက်ဆုံး ဆုံးဖြတ်ချက် ပေးတော်မူခဲ့ပါသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးခဲ့သော်လည်း စကားတစ်ခွန်းကိုတော့ အရှင်မဟာကဿပ မထေရ် ပြောခဲ့သည်။ “တပည့်တော်တို့အနေနှင့် ဝိနည်း ပညက်တော်တို့ကို ပြင်ဆင်ကြမည်ဆိုလျှင် လူတို့ ပြောဆိုစရာ ဖြစ်လိမ့်မည်။ သူတို့ဆရာသခင်၏ ခန္ဓာကိုယ် မီးရှို့ရာ လောင်တိုက်မှ မီးမဆဲခင် ဂေါတမဘုရားရှင်၏ တပည့်တို့သည် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ကြလေပြီ”

ပထမသင်္ဂါယနာအပြီး ဓမ္မကို နိကာယ်အလိုက်ခွဲကာ နိကာယ် တစ်ခုချင်းစီအတွက် မြတ်စွာဘုရား၏ သာဝကကြီး တစ်ပါးစီနှင့် ၎င်း၏ တပည့်တို့ကို အာဂုံဆောင်ရန် တာဝန်ခွဲပေးလိုက်ပါသည်။ ဤသို့ဖြင့် ဓမ္မကို အာဂုံဆောင်ကာ ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ နှုတ်ပယ်ခြင်း၊ ဖြည့်စွတ်ခြင်းမပြုနိုင်ရန် အချင်းချင်း ပြန်လည်တိုက်ဆိုင် စစ်ဆေးကာ ဓမ္မကို အုပ်စုလိုက် နေ့စဉ် အာဂုံရွက်ဆိုခဲ့ကြသည်။ ဖြစ်စဉ်တစ်ခုကို နှစ်ပေါင်း များစွာကြာမှ ပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်မိသလောက် ရေးသားထားသည့် မှတ်တမ်းထက် ဆရာစဉ်ဆက် အာဂုံဆောင်သည့် အလေ့အထက ပို၍ ယုံကြည်ကိုးစားနိုင်ကြောင်း သမိုင်းပညာရှင်တို့မှ သဘောတူကြသည်။

ဒုတိယသင်္ဂါယနာ


နှစ်ပေါင်း တစ်ရာအကြာ, ဝိနည်းသိက္ခာပုဒ်အချို့ကို ဆွေးနွေးရန် ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလအကြာတွင် ပြုလုပ်သည့် ပထမသင်္ဂါယနာ တင်ချိန်တွင် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ဖြည့်စွတ်ရန် မလိုခဲ့ပါ။ ထိုတိုတောင်းလှသော အချိန်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ပြောင်းလဲမှုဖြစ်စဉ် အနည်းအကျဉ်းသာ ရှိနိုင်သောကြောင့်ပင်။ နှစ်ပေါင်း တစ်ရာ အကြာမှာတော့ ရဟန်းအချို့သည် သိက္ခာပုဒ် အငယ်စားတို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ယူဆလာကြသည်။ ရှေးရိုးစွဲ ရဟန်းတော်တို့က မည်သည့်သိက္ခာပုဒ်ကိုမျှ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ပြောဆိုကြသည်။ နောက်ဆုံးမှာတော့ ရဟန်းတော်တစ်စုသည် သင်္ဂါယနာမှ ဖဲခွါကာ မဟာသံဃိကဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ မဟာသံဃိကဟု ခေါ်ဆိုခဲ့သော်လည်း မဟာယာနဟု သုံးနှုံးခဲ့ခြင်း မရှိပါ။ ဒုတိယသင်္ဂါယနာ၌ ဝိနည်းပိဋကတ်တွင် ပါရှိသည့် အကြောင်းအရာအချို့တို့ကိုသာ ဆွေးနွေးခဲ့ကြပြီး ဓမ္မနှင့် ပက်သက်၍မူ အငြင်းပွားစရာ တစုံတရာ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း မရှိပါ။

တတိယသင်္ဂါယနာ


ဘီစီသုံးရာစု၊ အသောကမင်းလက်ထက်တွင် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးရှိ ရဟန်းတော်တို့အကြား ကွဲပြားနေသည့် အမြင်တို့ကို ဆွေးနွေးနိုင်ရန် တတိယသင်္ဂါယနာ တင်ပွဲကို ကျင်းပခဲ့သည်။ ဤတတိယသင်္ဂါယနာအတွင်း ဆွေးနွေးမှုသည် ဝိနည်း ပညက်ချက်တို့နှင့် ပက်သက်သည့် အကြောင်းအရာတို့သာ မကတော့ဘဲ ဓမ္မနှင့် ပက်သက်သည့် အချက်အလက်တို့ပါ ပါဝင်လာသည်။ သင်္ဂါယနာအဆုံးတွင်တော့ ဦးစီးနာယက အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် ဂိုဏ်းအသီးသီးတို့၏ မှားယွင်းသော အမြင်၊ အယူအဆတို့ကို ရှင်းလင်းချက်ထုတ်ကာ ငြင်းပယ်သည့် ကထာဝတ္ထုကျမ်းကို ပြုစုတော်မူခဲ့သည်။ တတိယသင်္ဂါယနာတွင် လက်ခံ အတည်ပြုခဲ့သည့် ဗုဒ္ဓတရားတော်တို့သည်ပင် ထေရဝါဒအဖြစ် ထင်ရှားခဲ့ပေသည်။ တတိယသင်္ဂါယနာမှ အဘိဓမ္မာကို ပိဋကတ်တစ်ပုံအဖြစ် သက်မှက်ကာ ပိဋကတ်ထဲ ထည့်သွင်းခဲ့ပါသည်။

တတိယသင်္ဂါယနာအပြီး အသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒသည် တတိယသင်္ဂါယနာတွင် စုပေါင်းရွက်ဆို အတည်ပြုခဲ့သည့် ပါဠိတော်တို့ကို ၎င်းတို့၏ အဋ္ဌကထာတို့နှင့်အတူ သီရိလင်္ကာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သီရိလင်္ကာသို့ သယ်ဆောင်ခဲ့သည့် ပိဋကတ်သုံးပုံကို တစ်လုံးတစ်ပါဒမျှ မယွင်းစေဘဲ ယနေ့တိုင် ထိမ်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။ ထိုကျမ်းစာတို့ကို မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က အသုံးပြုခဲ့သည့် မာဂဓီဘာသာကို အခြေခံသော ပါဠိဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုအချိန်က မဟာယာနဟူ၍ ထင်ရှားမရှိသေးပါ။

မဟာယာန စတင်ပေါ်ပေါက်လာပုံ


ဘီစီ တစ်ရာစုနှင့် အေဒီ တစ်ရာစုအတွင်း သဒ္ဓမ္မပုဏ္ဏရိကာကျမ်း၌ ထေရဝါဒနှင့် မဟာယာနဟူသော အသုံးအနှုံး နှစ်မျိုး တွေ့လာရသည်။ အေဒီနှစ်ရာစုတွင်တော့ မဟာယာနဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကို တွေ့ရသည်။ နာဂဇုနမထေရ်သည် သူ၏ မဓျာမိကကာရိကာဟူသော ကျမ်းငယ်တွင် အရာရာတိုင်းသည် သုညတဖြစ်သည်ဟူသော အတွေးအခေါ်အယူအဆကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့သည်။ အေဒီ လေးရာစုတွင် အာစင်္ဂနှင့် ဝသုဗန္ဓုတို့သည် မဟာယာနနှင့် ပက်သက်သော စာပေကျမ်းဂန် အများအပြားကို ရေးသားခဲ့ကြသည်။ မဟာယာနအဖြစ် ထင်ထင်ရှားရှား ပေါ်လာသည့် အေဒီတစ်ရာစုတွင်မှ မဟာယာနနှင့် ဟီနယာနဟူသော အသုံးအနှုံးနှစ်ခုကို စတင် သုံးစွဲလာကြခြင်း ဖြစ်သည်။

ကျွနု်ပ်တို့အနေနှင့် ဟီနယာနနှင့် ထေရဝါဒကို အတူတူဟု မှတ်ထင်မထားအပ်ပေ။ ထိုဝေါဟာရနှစ်ခုမှာ အသုံးအနှုံး တူညီခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသာသည် မဟာယာနဗုဒ္ဓဘာသာ လုံးဝ မပေါ်ပေါက်သေးသည့် ဘီစီ သုံးရာစုတွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဟီနယာနဂိုဏ်းသည် အိန္ဒိယနိုင်ငံတွင် စည်ပင်ပြန့်ပွားခဲ့သည်။ သီရိလင်္ကာတွင် တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာပုံစံနှင့် သီးသန့် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ဟီနယာနဗုဒ္ဓဘာသာကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ယနေ့ ကျင့်သုံးနေသည့် ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆို ရည်ညွှန်းကြသောအခါ ဟီနယာနဟူသော အသုံးအနှုံးကို မသုံးကြရန် ကိုလံဘိုမြို့တွင် ၁၉၅၀-ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များညီလာခံက တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ဟီနယာနဗုဒ္ဓဘာသာတို့၏ သမိုင်းအကျဉ်း ဖြစ်သည်။

ထေရဝါဒနှင့် မဟာယာန


ထေရဝါဒနှင့် မဟာယာနတို့၏ ကွဲပြားခြားနားချက်တို့ကို ကြည့်ကြစို့။ ကျွနု်ပ်အနေနှင့် မဟာယာန ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ လေ့လာလေလေ ဗုဒ္ဓဘာသာ၏ အဓိကတရားတော်တို့နှင့် ပက်သက်၍ ထေရဝါဒနှင့် မဟာယာနတို့အကြား ကွဲပြားခြားနားချက်ကို ရှာရန် ခက်လေလေ ဖြစ်သည်။

  • ၁။ ဗုဒ္ဓဘာသာနှစ်ခုလုံးက မြတ်စွာဘုရားကို သူတို့၏ ဆရာအဖြစ် လက်ခံကြသည်။
  • ၂။ သစ္စာလေးပါးတရားတော်မှာလည်း တစ်လုံးမကျန် အားလုံး အတူတူပင်။
  • ၃။ မဂ္ဂင်ရှစ်ပါးမှာလည်း ချွတ်ဆွတ်တူသည်။
  • ၄။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာလည်း တူသည်။
  • ၅။ ကမ္ဘာလောကကြီးကို တစ်စုံတစ်ယောက်က ဖန်ဆင်းအုပ်ချုပ်နေသည်ဟူသော အယူအဆကိုလည်း နှစ်ဂိုဏ်းလုံးက ပယ်ကြသည်။
  • ၆။ ဗုဒ္ဓဘာသာနှစ်ခုလုံးက အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကွဲပြားမှုမရှိဘဲ လက်ခံကြသည်။
အထက်ပါ တရားတော်တို့မှာ ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး၊ အရေးကြီးဆုံး တရားတော်များ ဖြစ်ကြသည်။ ထိုတရားတော်အားလုံးကိုပင် နှစ်ဂိုဏ်းလုံးက ယုံမှားသံသယမရှိဘဲ လက်ခံထားကြသည်။

ကွဲပြားသည့် အချက်အချို့လည်း ရှိပါသေးသည်။ သိသာထင်ရှားသည့် အချက်မှာ ဘုရားလောင်း အယူအဆ ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် နောက်ဆုံး ဘုရားအဖြစ်ကို ဦးတည်သည့် ဘုရားလောင်းဝါဒကို လက်ခံပြီး ထေရဝါဒက ရဟန္တာဖြစ်ရေးကိုသာ အဓိကထားသည်ဟု လူအများက ပြောဆိုကြသည်။ ကျွနု်ပ်အနေနှင့် မြတ်စွာဘုရားသည်ပင် ရဟန္တာတစ်ပါး ဖြစ်ကြောင်း ထောက်ပြလိုပါသည်။ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့် သာဝကတစ်ဦးသည်လည်း ရဟန္တာများပင် ဖြစ်ကြသည်။ မဟာယာန ကျမ်းစာများက ဟီနယာနဟူသော အသုံးအနှုံးကို အသုံးပြုလေ့ မရှိကြပါ။ ၎င်းတို့က ဗောဓိသတ္တယာန၊ ပစ္စေကဗုဒ္ဓယာန၊ သာဝကယာနဟူသော သုံးမျိုးသာ အသုံးပြုကြသည်။ ထေရဝါဒမှာတော့ ထိုသုံးမျိုးကို (ယာနအစား) ဗောဓိ-ဟု ခေါ်ဝေါ်သုံးနှုံးပါသည်။

အချို့သူများက ထေရဝါဒမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးတောလေ့ ရှိကြသည်။ သူတို့က ထေရဝါဒမှာ ကိုယ့်ဘဝလွတ်မြောက်မှုအတွက် အားထုတ်ရေးသည်သာ အဓိကကျကြောင်း သင်ကြားလေ့ရှိသည်ကို အကြောင်းပြကြသည်။ သို့သော် ၎င်းတို့ စဉ်းစားရမည်မှာ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်အနေနှင့် နိဗ္ဗာန်ကို မည်သို့ ရရှိနိုင်ပါမည်နည်း။ နှစ်ဂိုဏ်းလုံးက ယာနသုံးမျိုး (သို့မဟုတ်) ဗောဓိသုံးမျိုးကို လက်ခံကြသည်။ ဘုရားလောင်းလမ်းစဉ်ကို အမြင့်ဆုံးအဖြစ် သက်မှတ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာသည် ပုံပြင် ဒဏ္ဍာရီဆန်သည့် ဘုရားလောင်းများစွာ တီထွင်ခဲ့သည်။ ထေရဝါဒက ဘုရားလောင်းကို နောက်ဆုံးပန်းတိုင်ဖြစ်သည့် ဘုရားအဖြစ်သ့ို ရောက်ရှိရန် ပါရမီဖြည့်ရင်း လူသားအားလုံးတို့၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး မြှုပ်နှံထားသူ လူသားတစ်ဦးအဖြစ်သာ ရှု့မြင်သည်။

ဗုဒ္ဓအမျိုးအစား


ကိုယ်ပိုင်အားထုတ်မှုနှင့် ကိုယ်ပိုင်အသိဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူ သမ္မာသမ္ဗုဒ္ဓ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သော်လည်း မြတ်စွာဘုရားထက် အရည်အချင်းနိမ့်သူ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့်သားတော် ရဟန္တာဖြစ်သူ သာဝကဗုဒ္ဓဟူ၍ ဗုဒ္ဓသုံးမျိုးရှိပါသည်။ ထိုဗုဒ္ဓသုံးမျိုးလုံး ရရှိခံစားရသည့် နိဗ္ဗာန်မှာ အတူတူပင် ဖြစ်သည်။ ကွဲပြားခြားနားသည်မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် အခြားဗုဒ္ဓနှစ်ပါးထက် အရည်အချင်းနှင့် စွမ်းဆောင်ရည် သာလွန်ခြင်းပင် ဖြစ်ပါသည်။

အချို့သူများက နာဂဇုနမထေရ် ဆွေးနွေးတင်ပြခဲ့သည် သုညတတရားတော်မှာ မဟာယာန သင်ကြားချက် စစ်စစ်ဖြစ်ကြောင်း ထင်မြင်ယူဆကြသည်။ အမှန်တကယ်တော့ မူရင်း ထေရဝါဒကျမ်းစာတို့တွင် တွေ့နိုင်သည့် ပဋိစ္စသမုပ္ပါဒ်ကို အခြေခံသော အနတ္တတရားတော်ကို မှီးကာ ထိုသုညတအယူအဆကို ရေးသားခဲ့ခြင်း ဖြစ်သည်။

တစ်ခါကသော် အရှင်အာနန္ဒာက မြတ်စွာဘုရားကို မေးလျောက်ခဲ့သည်။ “သုညတဟူသော စကားကို လူအများ ပြောဆိုကြပါသည်။ သုညတဆိုတာ ဘာကို ခေါ်တာပါလဲဘုရား” “အာနန္ဒာ, ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ မရှိဘူး။ လောကမှာ ငါ့ဥစ္စာဆိုတဲ့ သဘောတရားလဲ မရှိ။ ဒါ့ကြောင့် လောကကြီးက အနှစ်သာရမဲ့နေတယ်” ဟု မြတ်စွာဘုရားက ပြန်လည် ဖြေကြားခဲ့သည်။ နာဂဇုနမထေရ်သည် ထိုအယူအဆကို ကျောရိုးပြုကာ ထင်ရှားကျော်ကြားသည့် မဓျာမိကကာရိကာဟူသော ကျမ်းစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သုညတဝါဒမှာ ထေရဝါဒကျမ်းစာတို့ကို အခြေခံသည့် မဟာယာနဗုဒ္ဓဘာသာ၏ အာလယဝိညာဏ အယူအဆသာ ဖြစ်ပေသည်။ မဟာယာနဗုဒ္ဓဘာသာက ထိုအယူအဆကို နက်နဲသည့် ဒဿနိကနှင့် စိတ်ပညာအဖြစ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

အောက်ပါ အင်္ဂလိပ်ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုပါသည်။


Theravada - Mahayana Buddhism
Ven. Dr. W. Rahula
(From: "Gems of Buddhist Wisdom",
Buddhist Missionary Society, Kuala Lumpur, Malaysia, 1996)

မူရင်းဆောင်းပါးကြည့်ရန် Click