တဏှာ (၃) မျိုး တရားတော်

တဏှာဆိုတာ မြင်စရာအာရုံ၊ ကြားစရာအာရုံ စတဲ့ အာရုံတွေမှာ ငြိတွယ်ပြီးတော့ စွဲလန်းနေတာ၊ တပ်မက်နေတာ ဖြစ်တယ်။ သစ္စာလေးပါးမှာ သမုဒယသစ္စာအရ တဏှာကို ယူရတယ်။ ဆိုတော့ တဏှာဆိုတာ ဒုက္ခ အစုစုရဲ့ အကြောင်းရင်း တရားခံပဲ။ ဒါ့ကြောင့် တဏှာအကြောင်း ကောင်းကောင်း သိသင့်တယ်။ တဏှာ ပါးရင်ပါးသလောက် ဒုက္ခတွေ၊ ပြဿနာတွေက နည်းနည်းချင်း ပါးပါးသွားလိမ့်မယ်။ တဏှာနိရောဓော နိဗ္ဗာနံ ဆိုတဲ့အတိုင်း တဏှာကုန်ရင် နိဗ္ဗာန် ရလိမ့်မယ်။

အဲဒီတဏှာကုန်ဖို့အတွက် လုပ်ရမှာက ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ ဆိုတဲ့ အတိုင်း တစ်ကြောင်းတည်းသော လမ်းပဲ ရှိတယ်။ အဲဒါက သတိဦးဆောင်တဲ့ မဂ္ဂင်ရှစ်ပါးပါပဲ။

အာရုံအနေနဲ့ ပြောရင် အာရုံခြောက်ပါးရှိတဲ့အတွက် တဏှာကလည်း (၆) မျိုး ရှိတယ်။ ဖြစ်ပုံ အခြင်းအရာ အနေနဲ့ ပြောရင်တော့ (၃) ပါးပဲ ရှိပါတယ်။

၁။ ကာမတဏှာ

ကာမတဏှာကို အဋ္ဌကထာတွေက နှစ်မျိုး ဖွင့်ကြတယ်။

နံပါတ် (၁) အဓိပ္ပါယ်က ကာမတဏှာဆိုတာ ကာမာဝစရ (၁၁) ဘုံကို စွဲလန်းတပ်မက်နေတာ။ သတ္တဝါတွေဆိုတာ ကိုယ်ဖြစ်နေတဲ့ ဘုံဘဝလေးတွေမှာ စွဲလန်း နေတတ်ကြတယ်။ တွယ်တာ နေတတ်ကြတယ်။

ကာမာဝစရ (၁၁) ဘုံမှာ လူ့ဘုံနဲ့ နတ်ပြည် (၆) ထပ်ကတော့ စွဲလန်းစရာ ကောင်းတာ မှန်တယ်။ တိရစ္ဆာန်လေးတွေကလည်း သူတို့ဘဝနဲ့ သူတို့ ကျေနပ် ပျော်ရွှင်နေကြတာပဲ။ အပါယ်လေးဘုံမှာ အထူးသဖြင့် ငရဲပြည်မှာ ဖြစ်ပြီ ဆိုရင်တော့ ကိုယ်ဖြစ်နေတဲ့ ငရဲ့ဘုံမှာ တွယ်တာမှု ဘယ်ရှိမှာလဲ။ ငရဲပြည်ကနေ ကျွတ်ချင် လွတ်ချင်တဲ့ စိတ်တွေ ပေါ်နေမှာပေါ့။ ကိုယ်ဖြစ်နေတဲ့ ဘုံမှာ မကြိုက်တဲ့ ဒေါသကိလေသာ နောက်က လိုက်လာတဲ့ ကျွတ်ချင်လွတ်ချင်တဲ့စိတ်၊ အခြားတစ်နေရာကို ရောက်ချင်နေတဲ့ စိတ်ကလေးက တဏှာပါပဲ။

ကာမတဏှာရဲ့ နံပါတ် (၂) အဓိပ္ပါယ်က မိမိ တွေ့ကြုံ ခံစားနေရတဲ့ အာရုံ (၆) ပါး တစ်ပါးပါးမှာ ငြိတွယ် စွဲလန်းနေတဲ့ သဘောပဲ။ အဲဒါကြောင့် သံယုတ်ပါဠိတော် မက္ကဋသုတ်မှာ မြတ်စွာဘုရားက တဏှာကို မျောက်နှဲစေး (ကော်) နဲ့ ခိုင်းနှိုင်းခဲ့တာ။ ကော်က ထိတဲ့အရာကို ကပ်ထားသလို သတ္တဝါတွေရဲ့ စိတ်ကလည်း အာရုံခြောက်ပါး တစ်ပါးပါးမှာ သွားကပ်နေတတ်တယ်။ ကာမတဏှာနဲ့ စွဲလန်း တပ်မက်တဲ့အခါမှာ အခြားအမြင်တွေ မရောယှက်တဲ့ စွဲလန်းတပ်မက်မှု သက်သက် ဖြစ်တယ်။


၂။ ဘဝတဏှာ

ဘဝတဏှာကိုလည်း အဋ္ဌကထာက နှစ်မျိုး ဖွင့်ပြတယ်။

နံပါတ် (၁) အဓိပ္ပါယ်က ရူပါဝစရ (၁၆) ဘုံ၊ အရူပါဝစရ (၄) ဘုံ၊ တစ်နည်းအားဖြင့် ပြောရင် ရူပါဝစရဈာန်၊ အရူပါဝစရဈာန်တွေကို စွဲလန်းတပ်မက်နေတာကို ပြောတာပါ။ သူက နည်းနည်း အဆင့်မြင့်လာတယ်။ ရူပါရုံစတဲ့ အာရုံငါးပါးနဲ့ ထိတွေ့လို့ ရတဲ့ အရာတွေကို မစွဲလန်းတော့ဘူး။ မကြိုက်တော့ဘူး။ စိတ်နဲ့လည်း ကာမဂုဏ် အာရုံတွေအကြောင်းကို တွေးတောမနေတော့ဘူး။ စိတ်နဲ့ပဲ ခံစားလို့ ရတဲ့ နီဝရဏကင်းတဲ့ ဈာန်တရားတွေမှာ ငြိတွယ် စွဲလန်းနေတာ။ အနာဂါမ်တွေတောင် ဒီတဏှာ ရှိသေးတယ်။

ဘဝတဏှာရဲ့ နောက်အဓိပ္ပါယ်တစ်မျိုးက ကိုယ်တွေ့ကြုံ ခံစားနေရတဲ့ အာရုံဟာ မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိ အမြင်နဲ့ စွဲလန်းတပ်မက်နေတာ။ ကိုယ်ကြိုက်တဲ့ အာရုံ၊ ကိုယ်သဘောကျတဲ့ ခံစားမှုတွေမှာ ငြိတွယ် စွဲလန်းနေတဲ့ တဏှာသဘော ဖြစ်တတ်တာ သဘာဝပဲ။

လူဆိုတာက ကိုယ်ကြိုက်တဲ့ အရာလေးတွေဆိုရင် မပြတ်မဆဲ အမြဲ တည်ရှိနေစေချင်တာကြတာပဲ။ ကိုယ်သဘောကျတဲ့ အာရုံကို စွဲလန်းနေတဲ့ အချိန်မှာ ဒါလေးက အမြဲတည်ရှိနေတယ်၊ အမြဲတည်တံ့နေမှာပဲ ဆိုတဲ့ မှားယွင်းတဲ့အမြင် (မိစ္ဆာဒိဋ္ဌိ)နဲ့ အတူတူ ဖြစ်တာ။ ဝိသုဒ္ဓိမဂ် (၂၊၂၀၂) မှာတော့ သဿဒိဋ္ဌိသဟဂတော ဟိ ရာဂေါ ဘဝတဏှာတိ ဝုစ္စတိ လို့ ဆိုထားတယ်။ ကိုယ်က မြဲတယ်လို့ ထင်ထားပေမဲ့ အနိစ္စသဘောနဲ့ ပျက်စီးသွားရင် ဒုက္ခ လှလှ ရောက်တော့တာပဲ။ အဲဒါကြောင့် တဏှာက ဒုက္ခရဲ့ ဇစ်မြစ်လို့ ဟောခဲ့တာ။

၃။ ဝိဘဝတဏှာ

ဝိဘဝတဏှာကိုလည်း အဋ္ဌကထာတွေက ပြောတဲ့အတိုင်း အဓိပ္ပါယ်နှစ်မျိုးနဲ့ မှတ်ရမယ်။ ပထမအဓိပ္ပါယ်က လက်ရှိ ရနေတဲ့ ဘဝကို ပြတ်ဆဲစေလိုတာ၊ မလိုချင်တော့တာ။ ဒါကလည်း တဏှာ တစ်မျိုးပဲ။ လက်ရှိဘဝကို မလိုချင်တာက ဘဝကို တွယ်တာတဲ့ တဏှာအစစ် မရှိလို့ မဟုတ်ဘူး။ လက်ရှိ ဘဝကို မနှစ်မြို့တဲ့ ဒေါသ၊ မကြိုက်တဲ့ အာဃာတတွေကြောင့် ဒီထက်ကောင်းတဲ့ အနေအထားကို လိုချင်တာ။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တဲ့ တဏှာပေါ့။

မြတ်စွာဘုရားက "ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော၊ သော အနုသေတိ" လို့ ဟောခဲ့တာ။ ဒုက္ခဝေဒနာရဲ့ နောက်မှာ ပဋိဃ (မကြိုက်မနှစ်သက်မှု) ဆိုတဲ့ ကိလေသာက ကိန်းနေတတ်တယ်။ ဝိသုဒ္ဓိမဂ် (၂၊၂၀၃) မှာတော့ "'ဒုက္ခီ သုခံ ပတ္ထယတိ" လို့ ဆိုထားတယ်။ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်က ချမ်းသာကို တောင်းတတယ်တဲ့။ လက်ရှိ ဖြစ်နေတဲ့ ပစ္စုပ္ပန်ကို မေ့ထားပြီး မရောက်သေးတဲ့ အနာဂတ်ကို မျှော်မှန်း တမ်းတနေတာ။ အဲဒါက တဏှာရဲ့ သဘောပါပဲ။

ဝိဘဝတဏှာရဲ့ ဒုတိယအဓိပ္ပါယ်က ပိုပြီး သိဖို့ ကောင်းတယ်။ ကိုယ် တွေ့ကြုံ ခံစားနေရတဲ့ အာရုံကို ပြတ်ဆဲစေလိုတာ။ အဲဒါက ဥစ္ဆေဒဒိဋ္ဌိ အမြင်နဲ့ စွဲလန်းတာပဲ။ အထူးသဖြင့် ကိုယ် သဘောမကျတဲ့ အာရုံ၊ ကိုယ်မကြိုက်တဲ့ ခံစားမှုတွေဆိုရင် ပြတ်ဆဲစေလိုတဲ့ စိတ်၊ ပြီးသွားစေလိုတဲ့ စိတ်ကလေး ပေါ်လာတတ်တယ်။ ကိုယ့်အလုပ်ကို ကိုယ်သဘောမကျတာ၊ ကိုယ့်အနေအထားကို ကိုယ်မကျေနပ်တာတွေက ဝိဘဝတဏှာရဲ့ သဘောတွေပဲ။

ကိုယ် လက်ရှိ တွေ့ကြုံနေရတဲ့ ဘဝကို မကြိုက်ရင် ပဋိဃဆိုတဲ့ ဒေါသကိလေသာ နောက်က လိုက်လာပြီ။ ဒုက္ခဝေဒနာရဲ့ နောက်မှာ ပဋိဃဆိုတဲ့ ဒေါသကိလေသာ မသိမသာ ကိန်းနေတတ်တဲ့ သဘောပဲ။ အဲဒါဆိုရင်တော့ ပြတ်ဆဲစေလိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ အမြင် ပါလာပြီ။ အာရုံတွေရဲ့ သဘောက အနိစ္စ (မမြဲခြင်း) သဘောတော့ ရှိတာပဲ။ ဒါပေမဲ့ ကိုယ်က မကောင်းတာ လုပ်ထားပြီဆိုရင် အဲဒီမကောင်းတဲ့ အာရုံတွေက တော်တော်နဲ့ မပြီးနိုင်ဘူး။ တစ်ခုပြီး တစ်ခု ထပ်ထပ် ဖြစ်နေတော့တာပဲ။ အဲဒီအချိန်မှာ အာရုံတွေ၊ ဒုက္ခဝေဒနာတွေကို ပြတ်ဆဲစေချင်တဲ့ ဥစ္ဆေဒဒိဋ္ဌိ သဘောက ဝင်လာရော။ ဒါဆိုရင် တစ်ပူပေါ် နှစ်ပူဆင့်တော့တာပေါ့။

ပုထုဇဉ်နဲ့ အရိယာပုဂ္ဂိုလ်တွေ ကွာတာက ပုထုဇဉ်တွေက ကာယိကဝေဒနာကိုရော စေတသိကဝေဒနာကိုရော နှစ်မျိုးလုံး ခံစားတယ်။ အရိယာပုဂ္ဂိုလ်တွေကတော့ ကာယိကဝေဒနာကိုပဲ ခံစားရတယ်။ သတိဆိုတဲ့ အထိန်းအကွပ်နဲ့ နေတော့ စေတသိကဝေဒနာက နောက်က လိုက်မလာနိုင်တော့ဘူး။

ဝေဒနာသံယုတ်၊ ဂေလညသုတ်မှာ မြတ်စွာဘုရားက မကျန်းမမာ ဖြစ်နေတဲ့ ဂိလာနရဟန်းဆောင်ကို သွားပြီး ဟောခဲ့တာလေး ရှိတယ်။ အဲဒီသုတ်ထဲမှာ ဒုက္ခဝေဒနာဟာ ခန္ဓာကိုယ်ကြီးကို မှီပြီး ဖြစ်ပေါ်လာတယ်။ ခန္ဓာကိုယ်ကြီးဆိုတာ အနိစ္စသဘော ရှိတယ်။ ခန္ဓာကိုယ်ကို မှီပြီး ဖြစ်တဲ့ ဒီဒုက္ခဝေဒနာကလည်း အနိစ္စသဘောပဲဆိုပြီး ဟောခဲ့တယ်။ ဒီတရားသဘောကို နားလည်ရင်တော့ ဝိဘဝတဏှာကို ပယ်ဖျောက်နိုင်မယ်။ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဖြေဆေး ပေးထားတယ်။ အဲဒါက သတိပဋ္ဌာန်တရားလေးပါးကို ပွားများဖို့ပါပဲ။ အဲဒီသုတ်မှာ ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဆိုတဲ့ ဝေဒနာ သုံးမျိုးလုံးက အနိစ္စပဲလို့ ဟောထားတယ်။

လူတွေက ချမ်းသာတာ၊ အဆင်ပြေနေတာကိုမှ အနိစ္စလို့ ထင်နေတတ်ကြတယ်။ ဆင်းရဲတာ၊ အဆင်မပြေတာတွေကလည်း အနိစ္စပဲလို့ သဘောပေါက်ရမယ်။ အောင်မြင်တာ၊ ချမ်းသာတာ၊ ကျော်ကြားတာတွေ အားလုံးက အနိစ္စပဲ။ အနိစ္စသဘောနဲ့ ခဏဖြစ်ပြီး ခဏခဏပျက်ပျက်သွားတဲ့ အောင်မြင်မှု၊ ချမ်းသာမှု၊ ကျော်ကြားမှုတွေကို ခဏခဏ ဖြစ်နေအောင် လုပ်ရင် ကိုယ့်ရဲ့ အောင်မြင်မှု စတာတွေက ကြာရှည်ခံမှာပဲ။
 
  • (၂၄၊ ၉၊ ၂၀၁၅) ရက်နေ့က ဟောခဲ့တဲ့ "တဏှာသုံးပါး" ဆိုတဲ့ တရားကို အနှစ်ချုပ်ပြီး ရေးထားတာပါ။ တရားပွဲကို လာရောက်နာယူကြတဲ့ ဆွေတော်မျိုးတော်များကို ကျေးဇူးအထူးတင်ပါတယ်။
  •     Photos by Mingalamaungme












0 comments:

Post a Comment

မိမိတို့၏ ထင်မြင်ချက်၊ အယူအဆတို့ကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။