စေတသိက်ပိုင်း (အပိုင်း - ၁)

  • စေတသိက်ပိုင်း၌ စေတသိက် (၅၂) ပါးတို့ကို အဓိကပြဆို၍ စိတ်နှင့် စေတသိက်တို့ အတူယှည်တွဲဖြစ်ပုံကိုလည်း နည်းနှစ်နည်းဖြင့် ရှင်းလင်းထားပါသည်။


2.1 စေတသိက်ဟူသည်
  •  စေတသိက်ဟူသည် "စေတသိက" ဟူသောပါဠိကို မြန်မာမှုပြုထားသည့် ပါဠိသက်ဝေါဟာရ ဖြစ်၏။ "စိတ်နှင့်ယှည်သော တရားများ" (စေတောယုတ္တာ) ဟု အဓိပ္ပါယ်ရ၏။ [ပရမတ္ထဒီပနီ၌ စေတသိ ယုတ္တာ စေတသိကာဟု ဖွင့်၏။ စိတ်၌ယှည်သော တရားများဟု အဓိပ္ပါယ်ရ၏။] စေတသိက်တို့သည် စိတ်နှင့်ယှည်၍ စိတ်ကို ခြယ်လှယ်တတ်သော သဘာဝတရားများ ဖြစ်ကြ၏။ စိတ်ဖြစ်ပုံ၊ စိတ်အလုပ်လုပ်ပုံ (Mental functions) ကိုပင် စေတသိက်ဟု ခေါ်ခြင်း ဖြစ်သည်။  ထို့ကြောင့် လူ့သဘောလူ့မနောကို ရှင်းရှင်းလင်းလင်း သိမြင်လိုလျှင် စေတသိက်တို့ကို စေ့ငုသေချာ လေ့လာသင့်ပေသည်။
  • စေတသိက်တို့က စိတ်ကို ခြယ်လှယ်ပုံကို မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားထား၏။ 
  • "ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဥ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။" (အံ၊၁၊၉)။ "ရဟန်းတို့ ဤစိတ်သည် ပြိုးပြိုးပြက်ပြက်ထွက်သော အရောင်ရှိ၏ (ဝါ) ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏။ ထိုစိတ်သည်ပင် ဧည့်သည်ဖြစ်ကုန်သော (လောဘ၊ ဒေါသစသော) အညစ်အကြေးတို့ကြောင့် ညစ်နွမ်းရ၏။" လောဘ၊ ဒေါသတို့သည် စိတ်ကို ညစ်နွမ်းသွားအောင် လွှမ်းမိုးခြယ်လှယ်လိုက်သည့် စေတသိက်များ ဖြစ်ကြ၏။
  • စိတ်ကို အရောင်မရှိသော ရေနှင့်ဥပမာပေး၍ စေတသိက်များကို ဆိုးဆေးအရောင်ဖြင့် တင်စားကြပါသည်။ ရေသည် သန့်ရှင်းစင်ကြယ်၏။ ထိုရေထဲသို့ အနက်ရောင်ဆိုးဆေး ထည့်လိုက်လျှင် ရေသည် အနက်ရောင် ပြောင်းသွား၏၊ အဖြူရောင်ဆိုးဆေးထည့်လိုက်လျှင် ရေသည် အဖြူရောင် ပြောင်းသွားမည် ဖြစ်သည်။ ထိုနည်းတူစွာပင် စိတ်သည် အာရုံကို သိခြင်းမျှသာဖြစ်၍ ပင်ကိုယ်သဘောအားဖြင့် ဖြူစင်၏။ စေတသိက်တို့က လွှမ်းမိုးခြယ်လှယ်လိုက်သည့်အတွက် စိတ်က မကောင်းသောစိတ် (အကုသိုလ်စိတ်)၊ ကောင်းသောစိတ် (ကုသိုလ်စိတ်) အဖြစ် အရောင်ပြောင်းသွားခြင်း ဖြစ်၏။ မကောင်းသော စေတသိက်တို့ အခြယ်လှယ်ခံရသော စိတ်က အကုသိုလ်စိတ် ဖြစ်သွား၍ ကောင်းသော စေတသိက်တို့ လွှမ်းမိုးခံရသောစိတ်က ကုသိုလ်စိတ် ဖြစ်သွား၏။ ဤသဘောကို မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း ကဗျာသီးကုံး၍ ပြဆိုခဲ့ပါသည်။
  • စိတ်၏ တံထွာ၊ ဓမ္မတာကား၊ ကြုံရာအာရုံ၊ ရမိယုံမျှ၊  ဖုံဖုံ ကောင်း ဆိုး၊ မကွဲရိုးတည်း။ တစ်မျိုးတွဲဖက်၊ စေတသိက်တွက်ကြောင့်၊ သက်သက်ဆိုးကောင်း၊ အရောင်ပြောင်း၍၊ မကောင်းလည်းစိတ်၊ ကောင်းလည်း စိတ်ဟု၊ ခွဲကြိတ်စမြဲ၊ ဥဒါန်းကဲသည်၊ စိတ်လည်း စေတသိက်ကြောင့်သာကိုး။ (ကိုယ်ကျင့်အဘိဓမ္မာ - နှာ - ၁၂)

2.2 စေတသိက်လက္ခဏာ (၄) ပါး
  • စိတ်နှင့် စေတသိက်တို့သည် အညမညသဘောအားဖြင့် အချင်းချင်း ဆက်စပ်နေကြ၏။ ၎င်းတို့၏ ဆက်စပ်မှုကို နားလည်ရန်အတွက် စေတသိက်လက္ခဏာလေးပါးကို သိဖို့ လိုအပ်ပါသည်။
  1. ဧကုပ္ပါဒ = စိတ်နှင့်အတူဖြစ်ခြင်း 
  2. ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း 
  3. ဧကာလမ္ဗဏ = စိတ်နှင့်တူသော အာရုံရှိခြင်း
  4. ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း 
၁။ ဧကုပ္ပါဒ (ဧက + ဥပ္ပါဒ) = စိတ်နှင့်အတူဖြစ်ခြင်း 
  • စိတ်ဖြစ်လျှင် စေတသိက်ပါ တပြိုင်နက် အတူဖြစ်၏။ စိတ်ဖြစ်ပြီးမှ စေတသိက်ဖြစ်ခြင်းမဟုတ်သလို စေတသိက်ဖြစ်ပြီးမှ စိတ်ပေါ်လာခြင်းလည်း မဟုတ်ပေ။
၂။ ဧကနိရောဓ (ဧက + နိရောဓ) = စိတ်နှင့်အတူချုပ်ခြင်း (စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့ကို ကန့်သတ်၏)
  • ဧကနိရောဓလက္ခဏာဖြင့် စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့ကို ကန့်သတ်လိုက်ခြင်း ဖြစ်၏။ စိတ်နှင့် စေတသိက်တို့သည် ဥပါဒ် (ဖြစ်ခြင်း)၊ ဌီ (ခဏတည်တံ့နေခြင်း)၊ ဘင် (ချုပ်သွားခြင်း) ဟူသော ခဏငယ်သုံးချက် အသက်ရှည်၏။ ထိုခဏငယ်သုံးချက်ကိုပင် "စိတ္တက္ခဏတစ်ချက်" ဟုခေါ်၍ ထိုစိတ္တက္ခဏတစ်ချက်ကာလသည်ပင် စိတ်၊ စေတသိက်တို့၏ သက်တမ်းဖြစ်၏။ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်နှင့် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့သည် စိတ်နှင့် အတူဖြစ်ခြင်း (ဧကုပ္ပါဒ) သဘောရှိသော်လည်း စိတ်နှင့်အတူ မချုပ်သေးဘဲ စိတ္တက္ခဏ (၁၇) ချက်ကြာမှ ချုပ်၏။ စိတ်နှင့်စေတသိက်တို့က အတူချုပ်သွားသော်လည်း ၎င်းတို့နှင့် အတူဖြစ်ခဲ့သော  စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့က မချုပ်သေးဘဲ ဆက်လက်ဖြစ်ပွားနေသောကြောင့် ထိုရုပ်တရားတို့သည် စိတ်နှင့်အတူချုပ်ခြင်းဟူသော ဧကနိရောဓလက္ခဏာ မရှိပေ။
၃။ ဧကာလမ္ဗဏ (ဧက + အာလမ္ဗဏ/ အာရမ္မဏ)= စိတ်နှင့်တူသော အာရုံရှိခြင်း (ဝိညတ်ဒွေကို ကန့်သတ်၏)
  • စိတ်က မြင်စရာအာရုံ (ရူပါရုံ) ကို အာရုံယူလျှင် စေတသိက်ကလည်း ရူပါရုံကိုပင် အာရုံယူ၏။ စိတ်က အသံအာရုံ (သဒ္ဒါရုံ) ကို အာရုံပြုလျှင် စေတသိက်ကလည်း သဒ္ဒါရုံကိုပင် အာရုံပြု၏။ အာရုံခြောက်ပါး တစ်ပါးပါးအနက် စိတ်က ယူသောအာရုံကို စေတသိက်ကယူ၏။ ထို့ကြောင့် စိတ်နှင့် စေတသိက်တို့သည် အချိန်တိုင်း ယူသောအာရုံ တူကြပါသည်။
  • ဧကာလမ္ဗဏလက္ခဏာဖြင့် ကာယဝိညတ်၊ ဝစီဝိညတ်ဟူသော ဝိညာတ်ဒွေကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ ရုပ် (၂၈) ပါးတို့တွင်  စိတ်သို့အစဉ်လိုက်၍ ဖြစ်သောတရားများ (စိတ္တာနုပရိဝတ္တိနော ဓမ္မာ) တွင် ပါဝင်သော ဝိညတ်ဒွေသည်  စိတ်နှင့်အတူဖြစ်၍ စိတ်နှင့်အတူချုပ်သွားကြ၏။  စိတ်နှင့် စေတသိက်တို့သည် နာမ်တရားဖြစ်၍ အာရုံကို သိတတ်သောသဘောရှိ၏။ ဝိညတ်ဒွေသည် ရုပ်ဖြစ်၍ အာရုံကို သိတတ်သော သဘောမရှိပေ။ ထို့ကြောင့် ဧကာလမ္ဗဏဟူသော လက္ခဏာဖြင့် ဝိညတ်ဒွေ ရုပ်နှစ်ပါးကို ကန့်သတ်လိုက်ခြင်း ဖြစ်၏။
၄။ ဧကဝတ္ထုက (ဧက + ဝတ္ထု + က) = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း 
  • စိတ်က မျက်စိဟူသော မှီရာ (စက္ခုဝတ္ထု) ကို မှီ၍ ပေါ်လျှင် စေတသိက်ကလည်း စက္ခုဝတ္ထုကိုပင် မှီ၍ ပေါ်လာ၏။ စိတ်က နားဟူသော မှီရာ (သောတဝတ္ထု) ကို မှီ၍ ဖြစ်ပေါ်လာလျှင် စေတသိက်ကလည်း သောတဝတ္ထုကိုပင် မှီ၍ ဖြစ်ပေါ်လာ၏။ ဝတ္ထုရုပ်ခြောက်ပါးအနက် စိတ်မှီသော မှီရာဝတ္ထုကို စေတသိက်က မှီ၏။ ဤသို့ဖြင့် စိတ်နှင့် စေတသိက်တို့သည် မှီရာဝတ္ထုအားဖြင့် အမြဲ တူကြခြင်းဖြစ်ပါသည်။
  • စိတ်နှင့် စေတသိက်တို့၏ စပ်ဆက်မှုသဘောကို ရှေးကဆိုခဲ့သော လက္ခဏာသုံးပါးဖြင့် ပြလျှင် လုံလောက်သော်လည်း ရှေ့လက္ခဏာသုံးရပ်နှင့် ညီညွတ်သောတရားတို့သည်  မှီရာဝတ္ထုလည်း အမြဲတူကြတော့သည်ဟု သိစေလိုကြောင့်  "ဧကဝတ္ထုက" လက္ခဏာကို ထပ်မံ ပြဆိုခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် စတုဝေါကာရဘုံ (နာမ်ခန္ဓာလေးပါးသာရှိသော အရူပလေးဘုံ) ၌ ဧကဝတ္ထုကလက္ခဏာ မရနိုင်သောကြောင့် အများဆိုင်လက္ခဏာသုံးပါးကို အရင်ဆို၍ ပဥ္စဝေါကာရဘုံ (အရူပလေးဘုံ၊ အသညသတ်ဘုံမှတစ်ပါး ကျန်ဘုံများ) တို့သာ၌ ဖြစ်နိုင်သော ဧကဝတ္ထုကလက္ခဏာကို နောက်မှ ဆိုခြင်း ဖြစ်၏။
  • စေတသိက်လက္ခဏာ (၄) ပါးတို့ကို သေချာလေ့လာပါက စိတ် (consciousness) နှင့် စေတသိက် (mental factors) တို့သည် တစ်ခုတည်းဖြစ်၍ အများပြောဆိုနေကြသည့် စိတ် (mind) ပင် ဖြစ်၏။ အဘိဓမ္မာ၌ အများနားလည်အောင် ရှင်းလင်းရာ၌ လွယ်ကူစေရန် နှစ်ခု ခွဲထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

မိမိတို့၏ ထင်မြင်ချက်၊ အယူအဆတို့ကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။