ဝေဒနာဟူသည်

 2.5 ဝေဒနာစေတသိက်
  • မြန်မာအများစုက "ဝေဒနာ" ဟူသောပါဠိကို  နာကျင်မှု၊ ရောဂါဝေဒနာ စသည်ဖြင့် မကောင်းသည့်ဘက်က အသုံးပြုနေကြ၏။ အဘိဓမ္မာအလိုအားဖြင့် ဝေဒနာသည် အကောင်းအဆိုး နှစ်မျိုးလုံး ဖြစ်နိုင်သော သဗ္ဗစိတ္တသာဓာရဏစေတသိက်ဖြစ်၍ စိတ် (၈၉) ပါးလုံးနှင့် ယှည်၏။ စိတ်တစ်ခု ဖြစ်တိုင်းဖြစ်တိုင်း ခံစားမှုသဘော (ဝေဒနာ) ပါနေသည်ဟု မှတ်ရပါမည်။ 
  • ဝေဒနာကို မြန်မာစာ၊​ မြန်မာစကားအဖြစ် အသုံးပြုလျှင် ပြဿနာ မရှိသော်လည်း ဝေဒနာဟူသော ပါဠိပုဒ်၏အဓိပ္ပါယ်ကို ကောင်းကောင်း သိမထားပါက  ဘုရားဟောတရားတော်များကို လေ့လာရာတွင် နားလည်မှု လွှဲမှားခြင်းများ ဖြစ်နိုင်၏။ ထို့ကြောင့် ဝေဒနာဟူသော အသုံးအနှုန်းကို အဘိဓမ္မာနည်းဖြင့် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာမှတ်သားသင့်ပေသည်။ 
 
  • ဝေဒနာသည် ဘုရားဟော ဒေသနာတော်တို့၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေ၏။ ခန္ဓာငါးပါးတွင် ဝေဒနက္ခန္ဓာ၊ သတိပဋ္ဌာန်လေးပါးတို့တွင် ဝေဒနာနုပဿနာသတိပဋ္ဌာန်အဖြစ် ပါဝင်နေသလို ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌လည်း "ဝေဒနာပစ္စယာ တဏှာ" ဟူ၍ အရေးကြီးသော အကြောင်းအကျိုး အဆက်အစပ်တစ်ခုအဖြစ် ပါဝင်နေ၏။ ဝေဒနာ၏ အဓိပ္ပါယ်ကို နားမလည်ပါက ဘုရားဟောတရားတော်များကို မှန်မှန်ကန်ကန် သဘောပေါက်ရန် မလွယ်ကူပေ။
  • ဝေဒနာဟူသည် အာရုံ၏ အရသာကို ခံစားခြင်းသဘော ဖြစ်သည်။ ကောင်းသည့်အာရုံကို ကောင်းသည်ဟုလည်းကောင်း၊ မကောင်းသည့်အာရုံကို မကောင်းဟုလည်းကောင်း သိရှိ၊ နားလည်၊ ခံစားလိုက်ခြင်းသဘော ဖြစ်ပါသည်။ ဝေဒနာကို အကြမ်းဖျင်းအားဖြင့် (၃) မျိုး ခွဲခြားနိုင်သည်။ အာရုံ (၃) မျိုးကို အခြေခံ၍ ဝေဒနာ (၃) မျိုး ကွဲပြားသွားခြင်း ဖြစ်ပါသည်။
  1. သုခဝေဒနာ (ချမ်းသာသော၊ ကောင်းသော ခံစားမှု) (ဣဋ္ဌာရုံဟူသော နှစ်သက်ဖွယ်အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။)
  2. ဒုက္ခဝေဒနာ (ဆင်းရဲသော၊ မကောင်းသော ခံစားမှု) (အနိဋ္ဌာရုံဟူသော မနှစ်မြို့ဖွယ်အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။)
  3. အဒုက္ခမသုခဝေဒနာ (ဒုက္ခလည်းမဟုတ်၊ သုခလည်းမဟုတ်သော ခံစားမှု၊ အလယ်အလတ် ခံစားမှု (သို့မဟုတ်) ဥပေက္ခာဝေဒနာ) (ဣဋ္ဌမဇ္ဈတ္တာရုံ ဟူသော အလယ်အလတ်ဖြစ်သော အာရုံတို့ကို တွေ့ကြုံခံစားရချိန် ပေါ်လာ၏။) 
  • ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ မြတ်စွာဘုရားက ဝေဒနာကို (၆) မျိုးခွဲ၍ ရှင်းလင်းဟောကြားတော်မူထား၏။ မျက်စိကို မှီ၍ ပေါ်လာသော ထိတွေ့မှုကြောင့် ခံစားမှုဝေဒနာ ဖြစ်၏ (စက္ခုသမ္ဖဿဇာ ဝေဒနာ)။ ထို့အတူ နားစသော အခြားဒွါရတို့ကို မှီ၍လည်း ဝေဒနာတို့ ပေါ်လာကြ၏။ ဤသို့လျှင် ဒွါရခြောက်ပါးရှိသည့်အလျောက် ဝေဒနာလည်း ခြောက်ပါးရှိမည် ဖြစ်သည်။
  • ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ပျင်းခြင်း၊ ပျော်ခြင်း၊ ကြိုက်ခြင်း၊ မကြိုက်ခြင်းဟူသော စိတ်ခံစားချက်များ (emotions) သည် ဝေဒနာ မဟုတ်ပေ။ ဝေဒနာဟူသော ပါဠိကို အများစုက "Feeling" ဟု အင်္ဂလိပ်လို ဘာသာပြန်ကြ၏။ Feeling သည် Emotion ဘက် ယိမ်းသော အသုံးအနှုန်းဖြစ်၍ ထိုစကားလုံးကို ပညာရှင်အချို့က မနှစ်သက်ကြပေ။ 
  • ဝေဒနာကို "Feeling-tone" "Sensation" (သို့မဟုတ်) "Experience" ဟု ဘာသာပြန်နိုင်၏။ ဒွါရခြောက်ပါးနှင့် အာရုံခြောက်ပါးတို့ ထိတွေ့မှု (ဖဿ) ဖြစ်ချိန် ပေါ်လာသော  သိရှိခံစားမှု (Feeling-tones/ sensations) များကို ဝေဒနာဟု ခေါ်ခြင်းဖြစ်သည်။ ဒွါရနှင့်အာရုံဟူသော ရုပ်နှစ်ခု ထိတွေ့မှုကြောင့်  ဖြစ်ပေါ်လာသော ကောင်း၊ မကောင်း၊ အလယ်အလတ် ခံစားမှုအတွေ့အကြုံ (experience) ဟူသမျှသည် ဝေဒနာ ဖြစ်၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာ၌ "ဖဿပစ္စယာ ဝေဒနာ" ဖဿကြောင့် ဝေဒနာ ဖြစ်၏ဟု ဆိုခြင်းဖြစ်၏။ 
  • အရသာထူးကဲသော အစားအစာကို စားရလျှင် ကောင်းသည့်အရသာ ပေါ်လာ၏။ ထိုအရသာကို သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ထိုအရသာကို ကြိုက်ခြင်း၊ သဘောကျနှစ်သက်ခြင်းသည် လောဘစေတသိက် ဖြစ်၏။ 
  • အရသာမရှိသော အစားအစာကို စားရလျှင် မကောင်းသော အရသာ ပေါ်လာ၏။ အရသာမကောင်းဟု သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ဟင်းမကောင်း၍ မကြိုက်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းသည် ဒေါသစေတသိက် ဖြစ်၏။
  • နေပူထဲသွားလျှင် ပူသောခံစားမှု ရ၏။ နှင်းကျချိန် အပြင်ထွက်လျှင် အေးသောခံစားမှု ရ၏။ ထိုအပူ၊ အအေးတို့ကို သိရှိခံစားမှုသည် ဝေဒနာစေတသိက် ဖြစ်၏။ ထိုအပူအအေးတို့ကြောင့် စိတ်ဆိုးဒေါသထွက်ခြင်းသည် ဒေါသစေတသိက် ဖြစ်၏။ 
  • ဝေဒနာသည် ခန္ဓာကိုယ်တွင်ဖြစ်သော ရုပ်နာကျင်မှုကို ခေါ်ခြင်း မဟုတ်၊ နာကျင်နေသော ရုပ်ကို  သိရှိခံစားမှုသည်သာ ဝေဒနာ ဖြစ်၏။ ဝေဒနာသည် စိတ်ထဲတွင် ပေါ်လာသော  အာရုံကို သိရှိခံစားခြင်းသဘော ဖြစ်၏။  
  • ဝေဒနာသည် အာရုံကို သိရှိခံစားမှုဖြစ်၍ ခန္ဓာရှိသော သတ္တဝါတိုင်း၌ ဝေဒနာ ဖြစ်နိုင်၏။ ဘုရားရဟန္တာတို့သည် အစားအသောက်ကောင်းကို စားရလျှင် ကောင်းသော အရသာကို သိရှိခံစားရ၏။ နေပူထဲသွားလျှင် ပူသောဝေဒနာ ခံစားရ၏။ ရောဂါဝေဒနာဖြစ်လျှင်လည်း နာကျင်ခံခက်သော ဒုက္ခဝေဒနာကို ခံစားရ၏။ သို့သော် ထိုခံစားမှုဝေဒနာတို့ကြောင့် စိတ်ခံစားမှုဟူသော လောဘ၊ ဒေါသစိတ်များ မဖြစ်ကြပေ။ 
  • သာမန်လူတစ်ယောက်သည်ပင် ဝေဒနာကို ဝေဒနာဟု သိပြီး သတိသမ္ပဇဥ်ဉာဏ်ယှည်၍ နေပါလျှင် "ဝေဒနာပစ္စယာ တဏှာ" မဖြစ်ဘဲ လောဘ၊ ဒေါသစသော စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ 
  • ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ရပ်တို့တွင် "ဝေဒနာပစ္စယာ တဏှာ" (ဝေဒနာကြောင့် တဏှာဖြစ်၏) ဟူသော အကြောင်းအကျိုး အဆက်အစပ် (သန္ဓိ) ကို နားလည်ရန် အရေးကြီး၏။ ဝေဒနာပေါ်လာချိန် တဏှာ မဖြစ်အောင် သတိကပ်ထားနိုင်ခြင်းသည် ဆင်းရဲမှန်သမျှ ကင်းငြိမ်းကြောင်း၊ ဒုက္ခသံသရာပျက်ကြောင်း၊ နိဗ္ဗာန်ရကြောင်း ဖြစ်ပေသည်။ ခံစားမှုဝေဒနာတို့၏ သဘာဝကို အရှိကို အရှိအတိုင်း သတိကပ်၍ ရှု့မှတ်နေခြင်းသည်ပင် ဝေဒနာနုပဿနာသတိပဋ္ဌာန် ဖြစ်၏။ ဝေဒနာသုံးပါးကို အခြေခံ၍ သတိတရား တိုးပွားအောင် ကျင့်ကြံပွားများ အားထုတ်နေခြင်းသည်ပင် တရားထိုင်ခြင်း ဖြစ်ပေသည်။
  • ဒေသနာတော်တို့၌ ဖဿပစ္စယာ ဝေဒနာဟု ရှေ့နောက်အစဥ်သဘောဖြင့် ဟောကြားခဲ့သော်လည်း ဖဿနှင့် ဝေဒနာတို့သည် တစ်ခုပြီးမှ တစ်ခု ပေါ်လာခြင်းမဟုတ်ဘဲ နှစ်ခုလုံး တပြိုင်နက်တည်း ပေါ်လာကြခြင်း ဖြစ်၏။ ဒွါရနှင့်အာရုံတို့ ထိတွေ့မှု (ဖဿ) အင်အား ကောင်းလျှင်ကောင်းသလောက် ခံစားမှု (ဝေဒနာ) သည်လည်း အင်အားကောင်းမည်ဖြစ်သည်။ ဖဿအင်အား နည်းလျှင်နည်းသလောက် ဝေဒနာလည်း အင်အားနည်းမည် ဖြစ်သည်။


  • ဝေဒနာကို ကျမ်းဂန်တို့၌ စားဖွယ်အစုံဖြင့် ပွဲတော်တည်သော ဘုရင်နှင့် ဥပမာပေးကြ၏။ စားတော်ကဲ (စားဖိုမှူး) သည် ဘုရင်ကြီး မစားခင် အဆိပ်အတောက် ရှိ၊ မရှိ စုံစမ်းရန် ဟင်းခွက်တိုင်းကို အနည်းငယ်စီ ယူ၍ စားပြရ၏။ အန္တရာယ်မရှိမှန်း သိမှသာ ဘုရင်က စားဖွယ်စုံကို အားရပါးရ ခံစားသုံးဆောင်၏။ ဝေဒနာသည် မင်းကြီးနှင့်တူ၍ အာရုံ၏ အရသာကို ပြည့်ပြည့်ဝဝ ခံစား၏။ ဖဿစသော အခြားစေတသိက်တို့သည်လည်း အာရုံ၏ အရသာကို ခံစားခြင်းသဘောရှိကြ၏။ ဖဿစသော အခြားစေတသိက်တို့သည် စားတော်ကဲကဲ့သို့ အာရုံ၏ အရသာကို ပြည့်ပြည့်ဝဝ မခံစားနိုင်ကြဘဲ တစ်စိတ်တစ်ဒေသကိုသာ သိရှိခံစားနိုင်ကြပေသည်။ 
2.6 ပုထုဇဥ်နှင့်အရိယာ ကွာခြားချက်
  • မြတ်စွာဘုရားသည် ဝေဒနာသံယုတ်၊ သလ္လသုတ္တန် (သံ၊၂၊ ၄၀၉) ၌ ပုထုဇဉ်နှင့် အရိယာတို့၏ ကွဲပြားခြားနားချက်ကို ဟောကြားတော်မူထားပါသည်။
  • ပုထုဇဉ်သည် ဒုက္ခဝေဒနာကို တွေ့ကြုံခံစားရချိန်၌ စိုးရိမ်ပူဆွေး ငိုကြွေး၏။ ဒုက္ခဝေဒနာကို ခံစားရခြင်းကြောင့် ကိုယ်ဆင်းရဲမှုသာမက စိတ်ဆင်းရဲမှု (စေတသိကဒုက္ခ) ကိုပါ ခံစားရ၏။ ဒုက္ခဝေဒနာကို ခံစားရသောအခါ မကျေမနပ် ဖြစ်၏ (ပဋိဃာနုသယ)။ ပုထုဇဥ်သည် ဒုက္ခဝေဒနာကို ခံစားရချိန်၌ ကာမဂုဏ်ချမ်းသာ (ကာမသုခ) ကို မျှော်လင့်တောင့်တ၏။ ကာမဂုဏ်ချမ်းသာဖြင့် လွတ်လမ်းကို ရှာ၏။ (ဒုက္ခနှင့်တွေ့တိုင်း အရက်သောက်၍ လက်ရှိကြုံတွေ့နေရသော ပြဿနာကို မေ့ပျောက်နိုင်အောင် ကြိုးစားခြင်းစသည်များတည်း။) 
  • ကာမဂုဏ်ချမ်းသာကို တရှိုက်မက်မက် ခံစားသော ပုထုဇဥ်သည် သုခဝေဒနာ၌ စွဲလမ်းတပ်မက်မှု ရာဂ ဖြစ်၏ (ရာဂါနုသယ)။ ကာမဂုဏ်ချမ်းသာတို့၏ အပြစ်နှင့် ထိုကာမဂုဏ်တို့မှ လွတ်မြောက်ကြောင်းကိုလည်း ကောင်းစွာ မသိပေ (သမာဓိနှင့် မဂ္ဂဖလတရားများ။ အဋ္ဌကထာ)။ ထို့ကြောင့်ပင် အဒုက္ခမသုခဝေဒနာ၌ မှန်မှန်ကန်ကန် မသိမှု အဝိဇ္ဇာ ဖြစ်၏ (အဝိဇ္ဇာနုသယ)။ 
  • ပုထုဇဥ်သည် ဝေဒနာသုံးမျိုးတို့နှင့် တွေ့ကြုံတိုင်း ကိလေသာတို့နှင့်ရောယှက်၍သာ ခံစား၏။ ပထမ အပစ်ခံရသော မြားဒဏ်ရာနေရာ၌ နောက်ထပ်မြားတစ်စင်း အပြစ်ခံရလျှင် ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားရသကဲ့သို့ ပုထုဇဥ်သည် ဒုက္ခဝေဒနာခံစားရချိန်၌ ကိုယ်ဆင်းရဲမှုတည်းဟူသော ပထမမြားသာမက စိတ်ဆင်းရဲမှုတည်းဟူသော ဒုတိယမြားပါ အစူးခံရ၏။
  • အရိယာတို့သည်ကား ဒုက္ခဝေဒနာကို တွေ့ကြုံခံစားရချိန်၌ ခန္ဓာကိုယ်ရှိနေသေး၍ ကာယိကဒုက္ခကိုကား ခံစားရသေး၏၊ စိတ်ဒုက္ခကိုကား မခံစားရတော့ပေ။ ဒုက္ခဝေဒနာကို ခံစားရခြင်းကြောင့်လည်း မကျေနပ်မှု ဒေါသ မဖြစ်ပေ (ပဋိဃာနုသယငြိမ်း)။ အရိယာပုဂ္ဂိုလ်သည် ဒုက္ခဝေဒနာ ခံစားရချိန်၌ ကာမဂုဏ်ချမ်းသာကိုလည်း မျှော်လင့်တောင့်တခြင်း မရှိ။ ကာမဂုဏ်ဖြင့်လည်း လွတ်လမ်းမရှာပေ။ အဘယ့်ကြောင့်ဆိုသော် အရိယာသည် ကာမဂုဏ်မှတစ်ပါးသော ဒုက္ခလွတ်မြောက်ကြောင်းအကျင့်ကောင်းတို့ကို (သမာဓိ၊ မဂ္ဂဖလ) သိသောကြောင့် ဖြစ်၏။ ကာမသုခကို မစွဲလမ်း မတပ်မက်သော အရိယာ၏ သဏ္ဍာန်၌ သုခဝေဒနာကို အခြေခံ၍ ပေါ်လာနိုင်သော တပ်မက်မှုရာဂလည်း မရှိတော့ပေ (ရာဂါနုသယငြိမ်း)။ ကာမဂုဏ်ချမ်းသာတို့၏ အပြစ်နှင့် ထိုကာမဂုဏ်တို့မှ  လွတ်မြောက်ကြောင်းကိုလည်း ကောင်းစွာ သိ၏။ ထို့ကြောင့်ပင် အဒုက္ခမသုခဝေဒနာ၌ မသိမှု အဝိဇ္ဇာ မဖြစ်တော့ပေ (အဝိဇ္ဇာနုသယငြိမ်း)။ 
  • အရိယာတို့သည် ဝေဒနာသုံးပါးကို ကိလေသာနှင့် မရောယှက်ဘဲ ခံစားကြ၏။ အရိယာတို့သည် ကာယိကဒုက္ခဝေဒနာဟူသော ပထမမြား အစူးခံရသော်လည်း စိတ်ဒုက္ခတည်းဟူသော ဒုတိယမြား အစူးမခံရတော့ပေ။ 
  • ဤသည်ပင် ပုထုဇဥ်နှင့် အရိယာပုဂ္ဂိုလ်တို့၏ ကွဲပြားခြားနားချက် ဖြစ်ပါသည်။


ဆက်လက်ဖတ်ရှုရန် ကျမ်းညွှန်း 
  1. အဋ္ဌသာလိနီအဋ္ဌကထာ - ၁၅၂
  2. သင်္ဂြိုဟ်ဘာသာဋီကာ (ဇွန်လ၊ ၂၀၀၂) - ၁၀၀
  3. အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ) (၂၀၀၃ ခုနှစ်) - ၂၄၂ 
  4. အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) (ဩဂုတ်လ၊၂၀၁၀) - ၂၂၈


0 comments:

Post a Comment

မိမိတို့၏ ထင်မြင်ချက်၊ အယူအဆတို့ကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။