စေတသိက်ပိုင်း (အပိုင်း - ၂)


2.3 စေတသိက် (၅၂) ပါး
  1. အညသမာန်းစေတိသက် = ၁၃ ပါး 
  2. အကုသိုလ်စေတသိက် = ၁၄ ပါး
  3. သောဘနစေတသိက် = ၂၅ ပါး
  • အညသမာန်းဟူသည် အညသမာန - ဟူသော ပါဠိကို မြန်မာမှုပြုထားခြင်းဖြစ်၍ အည - အခြားတစ်ဖက်က စိတ်နှင့် + သမာန - တူခြင်းဟု အဓိပ္ပါယ်ရ၏။ အင်္ဂလိပ်လို Common to the other [cittas] ဟု ဘာသာပြန်နိုင်၏။ စိတ်က အကုသိုလ်ဖြစ်လျှင် အညသမာန်းစေတသိက် (၁၃) ပါးက အကုသိုလ်ဖြစ်သွား၍ အကုသိုလ်နှင့် သဘာဝချင်း တူမျှသွား၏။ စိတ်က သောဘနဖြစ်လျှင်လည်း အညသမာန်းစေတသိက်တို့က သောဘန ဖြစ်သွား၍ သောဘနစိတ်တို့နှင့် သဘာဝချင်း တူသွား၏။ ထို့ကြောင့် အညသမာန်းစေတသိက်တို့သည် အကုသိုလ်စိတ်၊ သောဘနစိတ်ဟူသော အကောင်းအဆိုး နှစ်မျိုးလုံးနှင့် ဆက်ဆံသော နှစ်ဖက်ရစေတသိက်များ ဖြစ်ကြ၏။ ဘုန်းကြီးလောကတွင် ဆန့်ကျင်ဘက် အဖွဲ့နှစ်ဖွဲ့လုံးနှင့် အဆင်ပြေအောင် ဆက်ဆံနိုင်သော ဦးဇင်းကို နှစ်ဖက်ရဖြစ်၍ "အညသမာန်းဦးဇင်း" ဟု ခေါ်ဝေါ်သမုတ်ကြသည်။
  • စိတ် (၈၉) ပါးတို့တွင် အဟိတ်စိတ်များသည် ကုသိုလ်၊ အကုသိုလ်ဟု မဆိုနိုင်သော ကြားနေစိတ်များ ဖြစ်ကြ၏။ အညသမာန်းစေတသိက်တို့သည် ကြားနေဖြစ်သော အဟိတ်စိတ်တို့နှင့်လည်း ယှည်ကြသောကြောင့် သုံးဘက်ရစေတသိက်များဟုပင် ဆိုနိုင်ပါသည်။ (ကုသိုလ် + အကုသိုလ် + အဟိတ်)
  • အကုသိုလ်စေတသိက် (၁၄) ပါးတို့သည် အဖြူထည်စိတ်ကို ညစ်နွမ်းသွားအောင် လွှမ်းမိုးခြယ်လှယ်ကြ၏။ မကောင်းသော စေတသိက်များဖြစ်၍ အကုသိုလ်စိတ် (၁၂) ပါးတို့၌သာ ယှည်ကြပါသည်။ 
  • သောဘနစေတသိက် (၂၅) ပါးတို့ကား အဖြူထည်စိတ်ကို တင့်တယ်ကောင်းမြတ်အောင် လွှမ်းမိုးခြယ်လှယ်ကြသော စေတသိက်များ ဖြစ်ကြ၏။ တင့်တယ်ကောင်းမြတ်သော စေတသိက်များဖြစ်၍ သောဘနစိတ် (၅၉) ပါးတို့၌သာ ထိုက်သည့်အားလျှော်စွာ ယှည်ကြပါသည်။ 

အညသမာန်းစေတသိက် (၁၃) ပါး 
  1. သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇ ပါး
  2. ပကိဏ်းစေတသိက် = ၆ ပါး
  • သဗ္ဗစိတ္တသာဓာရဏဟူသော ပါဠိကို သဗ္ဗ + စိတ္တ + သာဓာရဏ ဟု သုံးပုဒ်ခွဲနိုင်၏။ အလုံးစုံသော + စိတ်တို့နှင့် + ဆက်ဆံသော (ယှည်သော) စေတသိက်များဟု အဓိပ္ပါယ်ရပါသည်။ ဤစေတသိက်တို့သည် စိတ် (၈၉) ပါးလုံးနှင့် ယှည်သောကြောင့် Universal mental factors ဟု ဘာသာပြန်ဆိုကြခြင်း ဖြစ်၏။ ရုပ်ကလာပ်စည်းတစ်ခုတွင် အနည်းဆုံး အဝိနိဗ္ဘောဂရုပ် (၈) ပါးတို့ စုပေါင်းဖွဲ့စည်း၍ မခွဲမခွါ အတူတကွ ဖြစ်ကြသကဲ့သို့ နာမ်ကလာပ်စည်းတစ်ခုတွင်လည်း အာရုံကို သိကာမျှဖြစ်သောစိတ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတည်းဟူသော နာမ်တရား (၈) ပါးတို့ အတူတကွ ဖြစ်ကြပါသည်။
  • ပကိဏ်းဟူသည် ပကိဏ္ဏက ဟူသော ပါဠိကို မြန်မာမှုပြုထားခြင်းဖြစ်၍ "ရောရောနှောနှော" ယှည်ကြသော စေတသိက်များဟု အဓိပ္ပါယ်ရ၏။ ၄င်းစေတသိက်တို့သည် ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တို့နှင့် ဟိုတချို့သည်တချို့ ရောရောနှောနှော ဆက်ဆံကြသောကြောင့် ပကိဏ်းဟု ခေါ်ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဤစေတသိက်တို့သည် အကောင်းအဆိုး (ကုသိုလ်၊ အကုသိုလ်) နှစ်မျိုးလုံး ဖြစ်နိုင်ကြသော စေတသိက်များ ဖြစ်ကြပေသည်။

သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇ ပါး
  1. ဖဿစေတသိက်
  2. ဝေဒနာစေတသိက်
  3. သညာစေတသိက်
  4. စေတနာစေတသိက်
  5. ဧကဂ္ဂတာစေတသိက်
  6. ဇီဝိတိန္ဒြေစေတသိက်
  7. မနသိကာရစေတသိက်

2.4 ဖဿစေတသိက်
  • အာရုံကို "တွေ့ထိမှု" သဘောသည် ဖဿဖြစ်၏။ ဖဿသည် အာရုံနှင့်စိတ်တို့ တွေ့ဆုံကြရန် မိတ်ဆက်ပေးသော စေတသိက်ဖြစ်ပါသည်။ ဒွါရ (၆) ပါးတို့၌ အာရုံခြောက်ပါး ထင်လာခြင်း၊ ထိတွေ့မှုဖြစ်ခြင်းကိုပင် ဖဿဟု ခေါ်ခြင်း ဖြစ်၏။ ဖဿ၏ သဘောကို  သုတ္တန်များစွာတို့၌ လာရှိသော အောက်ပါပါဠိဖြင့်  နားလည်နိုင်ပါသည်။
  • စက္ခုဥ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော။ (ဆဆက္ကသုတ္တန်၊ မ၊၃၊၃၂၉) 
  • စက္ခုဥ္စ = စက္ခုပသာဒရုပ်ဟုဆိုအပ်သော မျက်စိကိုလည်းကောင်း၊ ရူပေ စ - မြင်စရာ ရူပါရုံတို့ကိုလည်းကောင်း၊ ပဋိစ္စ - အကြောင်းပြု၍၊ စက္ခုဝိညာဏံ - မြင်သိစိတ် စက္ခုဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်လာ၏။ တိဏ္ဏံ - စက္ခုပသာဒ၊ ရူပါရုံ၊ စက္ခုဝိညာဏ် သုံးခုတို့၏၊ သင်္ဂတိ - ပေါင်းစုံမိခြင်းသည် (ဝါ) ထိတွေ့မှုသည်၊ ဖဿော -  ဖဿမည်၏။
  • စက္ခုပသာဒရုပ် (မျက်စိ) နှင့် ရူပရုပ် (ရူပါရုံ) ဟူသော ရုပ်နှစ်ခု ထိတွေ့မှု  (ဖဿစေတသိက်) ကြောင့် စက္ခုဝိညာဏ်စိတ်ကလေး ပေါ်လာခြင်းဖြစ်၏။ သာမှန်အားဖြင့်ကြည့်လျှင် ဖဿစေတသိက်နှင့် စက္ခုဝိညာဏ်စိတ်တို့သည် တစ်ခုပြီးမှ တစ်ခု ပေါ်လာသကဲ့သို့ ဖြစ်နေ၏။ အမှန်အားဖြင့် စက္ခုပသာဒရုပ်နှင့် ရူပရုပ်တို့ ထိတွေ့မှု ဖြစ်လျှင်ဖြစ်ခြင်း စက္ခုဝိညာဏ်စိတ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတည်းဟူသော နာမ်တရား (၈) ပါးလုံး တပြိုင်တည်း ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေသည်။  
  • ဤ၌ "တွေ့ထိခြင်း" ဟူသည် လက်နှစ်ဖက် အချင်းချင်း ထိခြင်း၊ ကြမ်းပြင်ပေါ် ထိုင်နေသောသူ၏ ခန္ဓာကိုယ်နှင့်ကြမ်းပြင် ထိခြင်းကဲ့သို့ ရုပ်တရားနှစ်ခု ထိတွေ့ခြင်းမျိုးမဟုတ်။ ရုပ်တရားနှစ်ခု ထိတွေ့တိုင်း ဖဿစေတသိက် မပေါ်နိုင်ပေ။  ဖဿစေတသိက်သည် နာမ်တရားဖြစ်၏။ ရုပ်တရားနှစ်ခု ထိတွေ့မှုဖြစ်ချိန် နှလုံးသွင်းမှု (မနသိကာရစေ) ရှိပါမှ စိတ်ဖြင့်ထိတွေ့မှုဟူသော ဖဿစေတသိက် ပေါ်လာနိုင်ပါသည်။ ဤအကြောင်းကို နားလည်ရန် ဥပမာအချို့ဖြင့် ရှင်းပြလိုပါသည်။ 
  • အိမ်ပေါက်ဝတွင်ထိုင်၍ စိတ်ညစ်စရာများတွေးကာ ငေးမောနေသော အမျိုးသမီးက သူ့အမျိုးသား ဝင်လာသည်ကို မမြင်ရသည့် အခိုက်အတန့်များ ရှိတတ်၏။ အမျိုးသား၏ပုံရိပ် (ရူပရုပ်) က မျက်လုံးအိမ် (စက္ခုပသာဒရုပ်) တွင် ထင်လာသော်လည်း မနသိကာရဟူသော နှလုံးသွင်းမှု မရှိသောကြောင့် မမြင်ခြင်း ဖြစ်၏။ မနသိကာရသည် စက္ခုဝိညာဏ်စိတ်နှင့် ဖဿစေတသိက်တို့ ဖြစ်ပေါ်ဖို့ရာ အရေးကြီးသော အင်္ဂါရပ် ဖြစ်၍ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတွင် ပါဝင်သော စေတသိက်တစ်ပါး ဖြစ်ပါသည်။ "သတိမမူ ဂူမမြင်" ဟူသော ဆိုရိုးစကားမှာ မျက်စိနှင့် မြင်စရာအာရုံဟူသော ရုပ်တရားနှစ်ခု ပေါင်းစုံမိသော်လည်း နှလုံးသွင်မှုမရှိလျှင် ဖဿစေတသိက် မဖြစ်နိုင်ကြောင်း ထင်ရှားစေသော စကား ဖြစ်၏။
  • အမေက အော်ကြီးဟစ်ကျယ် အော်ခေါ်နေသော်လည်း စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှု့နေသောသမီးက ခေါ်မကြားအော်မကြား အခိုက်အတန့်များ ရှိတတ်၏။ အသံ (သဒ္ဒရုပ်) က နား (သောတပသာဒရုပ်) ၌ လာရိုက်ခတ်သော်လည်း နှလုံးသွင်းမှု (မနသိကာရ) မရှိသောကြောင့် သောတဝိညာဏ်စိတ်နှင့် ဖဿစေတသိက်တို့ မဖြစ်ပေါ်နိုင်ခြင်း ဖြစ်၏။
  • ကျမ်းဂန်တို့၌ ဖဿစေတသိက်၏ သဘောကို အချဥ်သီးကို စားသူကိုမြင်၍ သွားရည်ကျခြင်းဥပမာဖြင့် ရှင်းပြကြပါသည်။ ချဥ်စူးနေသော သံပုရာသီးကို စားနေသူကို မြင်ရသောအခါ ကိုယ်တိုင်မစားရသော်လည်း သွားရည်ကျလာတတ်၏။ ထိုသို့သွားရည်ကျခြင်းမှာ စက္ခုပသာဒ (မျက်စိ) ၌ သံပုရာသီးဟူသော ရူပါရုံ ထင်လာချိန် စိတ်ဖြင့်ထိတွေ့မှု (ဖဿစေတသိက်) ၏ သဘော ထင်ရှားခြင်းကြောင့် ဖြစ်ပါသည်။ ခြင်္သေ့၊ ကျားစသော သားကောင်ကြီးများက သမင်၊ ယုန်စသော သားကောင်ငယ်လေးများကို အရှိန်ဖြင့် ပြေးလိုက်နေသည်ကို မြင်ရလျှင် ကိုယ်တိုင်ပြေးနေရသကဲ့သို့ မောဟိုက်လာတတ်၏။ ဤသည်မှာလည်း ဖဿစေတသိက်၏ အစွမ်းပင် ဖြစ်ပေသည်။

0 comments:

Post a Comment

မိမိတို့၏ ထင်မြင်ချက်၊ အယူအဆတို့ကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။